စပိန်လာလီဂါ အင်အားကြီး အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကိုလံဘီယာ ကွင်းလယ်တိုက်စစ် ကစားသမား ဂျိမ်းရိုဒရီဂွက်စ် ကတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ မြို့ခံ ပြိုင်ဘက် အသင်းဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ အသက် ၂၉နှစ် ရှိနေပြီ ဖြစ်တဲ့ ရိုဒရီဂွက်စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းထံကို ပြင်သစ်ကလပ် မိုနာကိုအသင်းကနေ ၂၀၁၄ ခုနှစ် မှာ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းသစ်ကို ပြောင်းရွှေ့ကာစမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် နည်းပြ အပြောင်းအလဲတွေ ကြားမှာ သင့်တော်တဲ့ နည်းစနစ် ပြောင်းလဲမှုတွေ မလုပ်နိုင်ခဲ့တာကြောင့် နောက်ပိုင်းမှာ ပွဲထွက်ခွင့်နဲ့ ဝေးကွာခဲ့ရသူပါ။

Photo Credit: Evening Standard

ရိုဒရီဂွက်စ်ဟာ လက်ရှိ ဘောလုံးရာသီမှာ ဆိုရင် ရီးရဲလ်မက်ဒရစ် အသင်းအတွက် လာလီဂါ ပွဲစဉ် ၈ပွဲသာ ကစားပေးခဲ့ရပြီး သွင်းဂိုး ၁ဂိုး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သူပါ။ စပိန် အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ ရိုဒရီဂွက်စ်ဟာ အက်သလက်တီကို မက်ဒရစ် အသင်းဆီကို ပြောင်းရွှေ့ဖို့အတွက် ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရယူထားနိုင်ပြီးပြီ ဖြစ်သလို ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ရဲ့ ကြားမှာ ရှိတဲ့ ရိုဒရီဂွက်စ် အတွက် ​ဆွေးနွေးမှုတွေဟာလည်း တိုးတက် နေကာ မကြာမီမှာပဲ သဘောတူညီမှု ရတော့မယ်လို့ သိရပါတယ်။ ဂျိမ်းရိုဒရီဂွက်စ် ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Evening Standard

နာမည်ကျော် သတင်းမီဒီယာ တစ်ခု ဖြစ်တဲ့ Goal ရဲ့ ဖော်ပြချက် အရတော့ ရိုဒရီဂွက်စ်ကို ခေါ်ယူဖို့ အတွက် အက်သလက်တီကို မက်ဒရစ် အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီး ပြောင်းရွှေ့ကြေးဟာ ပေါင် ၁၅ သန်းဝန်းကျင် ဖြစ်နိုင်တယ်လို့ သိရပါတယ်။ Transfer Market ရဲ့ ထုတ်ပြန်ကြေညာမှုအရ ရိုဒရီဂွက်စ်ရဲ့ တန်ကြေးဟာ ယူရို ၃၂ သန်း ရှိပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရိုဒရီဂွက်စ်တို့ရဲ့ ကြားမှာ စာချုပ်သက်တမ်းဟာ ၁နှစ် သာ ကျန်ရှိတော့သလို ရိုဒရီဂွက်စ်ကိုယ်တိုင်က လည်း အက်သလက်တီကို မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်း အနေနဲ့ ရိုဒရီဂွက်စ်ရဲ့ တန်ကြေးထက် ထက်ဝက်ခန့် နည်းပါးတဲ့ ပြောင်းရွှေ့ကြေးပမာဏ ကိုသာ ရရှိတာ ဖြစ်တယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။