ပရီးမီးယားလိဂ်ကလပ် လိဒ်ယူနိုက်တက်ရဲ့ ကြယ်ပွင့် တိုက်စစ်ကစားသမား ရိုဒရီဂိုက ပြီးခဲ့တဲ့ ကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လိဒ်ယူနိုက်တက် ၁-၁ အဲဗာတန် ပွဲစဉ်မှာ ပခုံးဒဏ်ရာ ရသွားခဲ့တာကြောင့် ၁လနီးပါး အနားယူရတော့မယ်လို့ နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် စပိန်တိုက်စစ်မှူး ရိုဒရီဂိုက ရာဖင်ဟာ မရှိတော့တဲ့နောက် လိဒ်ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းကို အဓိက ဦးဆောင်ပေးနေရသူ ဖြစ်ပြီး အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit: The Athletic

ရိုဒရီဂိုက ယခုနှစ် ဘောလုံးရာသီမှာ လိဒ်ယူနိုက်တက် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲ တခုထဲမှာတင် ၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဒါကြောင့် ရိုဒရီဂိုက လိဒ်ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်း အတွက် မရှိမဖြစ် ကစားသမား အဖြစ် သတ်မှတ်လို့ ရပေမယ့် ကံမကောင်းစွာနဲ့ပဲ သူဟာ အဲဗာတန်နဲ့ ပွဲစဉ်မှာ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်နဲ့ ဘောလုံးယှဉ်လုဖို့ ကြိုးစားရာ ကနေ ပခုံးဒဏ်ရာ ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ရိုဒရီဂိုက ပခုံးဒဏ်ရာကြောင့် သီတင်းပတ် ၄ပတ် ဝန်းကျင် အနားယူရဖို့ ရှိနေပြီး ဒဏ်ရာကနေ ပြန်လည် သက်သာလာရင်လည်း ပွဲချိန်ပြည့် ပြန်ကစားနိုင်ဖို့ အချိန်ယူရန် လိုအပ်သေးတာကြောင့် ရိုဒရီဂိုဟာ လိဒ်ယူနိုက်တက် အတွက် အနိမ့်ဆုံး ၁လကျော် ကြာပြီးမှသာ အင်ပြည့်အားပြည့် ပြန်ကစားနိုင်မယ်လို့ သိရပါတယ်။

ရိုဒရီဂို တယောက် ပခုံးဒဏ်ရာ ရသွားခဲ့တာကြောင့် လိဒ်ယူနိုက်တက်နည်းပြ မာ့စ်ချ်အနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ ဘန်းဖို့ဒ် ၊ ဟာရီဆန်နဲ့ အာရွန်ဆန်တို့ရဲ့ တိုက်စစ်အတွဲကိုသာ အဓိကထား အသုံးပြုရဖို့ ရှိနေပါတယ်။