၂၀၂၄ ဘာလွန်းဒေါဆုရှင် မန်ချက်စတာ စီးတီးအသင်းရဲ့ စပိန် ကွင်းလယ်ကစားသမား ရိုဒရီက သူ့အရှေ့က ဘာလွန်းဒေါဆုရှင်တွေဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ ခြားနားချက်များအကြောင်းနဲ့ သူတို့တွေနဲ့ ရင်ဆိုင်ရချိန်မှာ ဘယ်ကစားသမားက သူ့အတွက် အခက်ခဲဆုံးလဲဆိုတာကို ပြောဆိုလာခဲ့ပါတယ်။
မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ ဘာလွန်းဒေါဆုကို အကြိမ်ရေ အများဆုံး ရယူထားကြသူတွေဖြစ်ပြီး မက်ဆီက (၈)ကြိမ်နဲ့ ရော်နယ်လ်ဒိုက (၅)ကြိမ်အထိ ပိုင်ဆိုင်နိုင်ခဲ့ရပေမယ့်လည်း အခု ၂၀၂၄ ဘာလွန်းဒေါဆုရဲ့ အယောက် (၃၀) ဆန်ခါတင်စာရင်းမှာတော့ ဒီကစားသမားကြီး (၂)ဦးလုံး မပါဝင်နိုင်တော့ဘဲ ဖြစ်ခဲ့ရပါတယ်။
Photo Credit : BeSoccer
ဒီလိုနှစ်မှာ ကွင်းလယ်ခံစစ်ကစားသမား ရိုဒရီက ရေပန်းအစားဆုံး ကစားသမား ဗင်နီစီယပ်စ်ကို ကျော်ဖြတ်ပြီး ဘာလွန်းဒေါဆုကို ဆွတ်ခူးခဲ့ပြီးနောက် ဘာလွန်းဒေါဆုရှင်ဟောင်း မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ ခြားနားချက်တွေကို ပြောဆိုလာပါတယ်။ ရိုဒရီက အသက်လက်တီကို ဗီလာရီးယဲလ်တို့မှာ ကစားခဲ့တုန်း မက်ဆီ ရော်နယ်လ်ဒိုတို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
“လီယွန်နယ် မက်ဆီဟာ ထာဝရ အကောင်းဆုံး ကစားသမားတစ်ဦးဆိုတာ လုံးဝ သံသယဝင်စရာ မရှိပါဘူး။ ခရစ္စတီယာနိုကတော့ မွေးရာပါ ပါရမီမပါဘဲနဲ့ မက်ဆီကို ယှဉ်ပြိုင်နိုင်ခဲ့တယ်။ ဒါပေမယ့် သူတို့တွေနဲ့ ယှဉ်ပြိုင်ကစားကြည့်လိုက်တဲ့အခါမှာ ခြားနားမှုတွေကို မြင်လာနိုင်ပါတယ်။ ခရစ္စတီယာနိုက ဧရိယာထဲမှာ ကြောက်စရာကောင်းလွန်းလို့ သူ့ကို ဂိုးဧရိယာထဲ မဝင်စေချင်ပါဘူး။”
Photo Credit : Sports Monks
“ဒါပေမယ့် မက်ဆီနဲ့သာ ယှဉ်ကစားနေရပြီဆိုရင်တော့ ကွင်းတစ်ကွင်းလုံးရဲ့ နေရာတိုင်းလိုလိုမှာ အန္တရာယ် ရှိနေရတယ်။ မက်ဆီ ခြေထောက်ထဲ ဘောလုံးရောက်နေချိန်ဆို ဟာ…ဒုက္ခပါပဲလို့ တွေးမိနေရမယ်။ သူနဲ့ ပထမဆုံး ယှဉ်ကစားခဲ့ရတုန်းကဆိုရင် ကျွန်တော် သူ့ဆီကနေ ဘောလုံးယူဖို့ ကြိုးစားခဲ့တုန်းက သူက အသာလေး ရှောင်တိမ်းသွားခဲ့တာ။”
“ပြီးတာနဲ့ ဆိုးရွှားတဲ့ အရာတစ်ခု ဖြစ်ပေါ်လာတော့မယ်ဆိုတဲ့ ခံစားချက်မျိုးတွေပါ ခံစားမိလာရရော။” လို့ ရိုဒရီက ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် ရိုဒရီဟာ Goal.com နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ အမြဲတမ်း အကောင်းဆုံး ကစားသမားအဖြစ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ပြီး သူရဲ့ မန်စီးတီးအသင်းဖော် ကယ်လ်ဗင် ဒီဘရိုင်းကိုသာ ရွေးချယ်ခဲ့ပါတယ်။