လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ရိုဒရီကတော့ ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်းရဲ့ ချန်ပီယံလုဘက် အဖြစ် သတ်မှတ်ထားတဲ့ အသင်းဟာ ကွန်တီရဲ့ စပါးအသင်း ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ယခုနှစ် ဘောလုံးရာသီမှာ တိုက်စစ်မှူးသစ်တွေ ဖြစ်တဲ့ ဟာလန်း ၊ အယ်ဗာရက်ဇ်တို့ရဲ့ ခြေစွမ်းတွေနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ခြေစွမ်းအကောင်းဆုံး အသင်း အဖြစ် ရပ်တည်နေနိုင်ပြီး ပွဲစဉ်(၇) အပြီးမှာလည်း အမှတ်ပေးဇယားရဲ့ အဆင့်၂နေရာကို သိမ်းပိုက်ထားနိုင်ပါတယ်။

Photo Credit: Mirror

ဒီနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံဆုကို ခြိမ်းခြောက်နေကြ အသင်းတွေ ဖြစ်တဲ့ လီဗာပူးနဲ့ ချယ်လ်ဆီးတို့က စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် မန်ချက်စတာ စီးတီးဟာ ယခုနှစ် ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အလွယ်တကူ ရရှိသွားလိမ့်မယ်လို့ ဘောလုံးရေးရာ ကျွမ်းကျင်သူ တချို့က သုံးသပ်ထားကြပါတယ်။

ဒါပေမယ့် မန်ချက်စတာ စီးတီးရဲ့ နည်းပြတွေနဲ့ ကစားသမားတွေကတော့ သူတို့အသင်းဟာ ချန်ပီယံဆုကို အလွယ်တကူ ရရှိသွားမယ် ဆိုတဲ့ သုံးသပ်မှုတွေကို သဘောမတူကြပဲ လီဗာပူးနဲ့ ချယ်လ်ဆီးတို့ ခြေစွမ်းကောင်းတွေ မပြသနိုင်ပေမယ့် ကွန်တီရဲ့ စပါးဟာ သူတို့ကို ခြိမ်းခြောက်နိုင်စွမ်း ရှိကြောင်း ယူဆနေကြပြီး ရိုဒရီကလည်း စပါးဟာ သူတို့အသင်းရဲ့ ချန်ပီယံလုဘက် ဖြစ်နေပြီလို့ ပြောကြားလာပါတယ်။

Photo Credit: Mirror

ရိုဒရီက – “စပါးက အရမ်းကို တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။ ပြီးတော့ သူတို့အသင်းက ကိုယ်ပိုင် အတွေးအခေါ် ရှိတဲ့ နည်းပြကောင်းကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ကွန်တီက စပါးကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ အကောင်းဆုံး သိတဲ့ လူပါ။ အခုချိန်မှာ စပါးက သူတို့ဘာတွေလုပ်ရမလဲ ၊ ဘာတွေလုပ်သင့်လဲ ဆိုတာကို အကောင်းဆုံး သိနေပါပြီ။ ဒါကြောင့် ကျွန်တော်ကတော့ စပါးဟာ ကျွန်တော်တို့ရဲ့ ချန်ပီယံလုဘက်လို့ မြင်ပါတယ်။ ကွန်တီရဲ့ နည်းပြဘဝ အောင်မြင်မှုတွေကလည်း လျှော့တွက်လို့ မရဘူးလေ” ဆိုပြီး ပြောကြားသွားခဲ့တာပါ။