MySport Myanmar

ရီးယဲလ်လို အသင်းမျိုးဆီက စိတ်ဝင်စားခြင်း ခံရတာဟာ ဂုဏ်ယူစရာပဲလို့ ဆိုလိုက်တဲ့ ရိုဒရီ

မန်ချက်စတာ စီးတီးအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ရိုဒရီက ရီးယဲလ် မက်ဒရစ်လို သမိုင်းကြောင်းကောင်းတဲ့ အသင်းတစ်သင်းကနေ စိတ်ဝင်စားမှု ရလာတဲ့အခါ ဒါဟာ ဂုဏ်ယူစရာကောင်းကြောင်းနဲ့ ဒါကို အာရုံစိုက် နားထောင်နေရလိမ့်မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

၂၀၂၄ခုနှစ်ရဲ့ ဘာလွန်းဒေါဆုရှင် စပိန် ကွင်းလယ်ခံစစ် ကစားသမား ရိုဒရီဟာ လွန်ခဲ့တဲ့ ၂၀၁၉ကတည်းက အသက်လက်တီကိုကနေ မန်စီးတီးဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့ အသင်းမှာ အလျင်အမြန် အထိုင်ကျခဲ့သလို မန်စီးတီးအသင်းအတွက် မရှိမဖြစ် ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Evening Standard

မန်စီးတီးရဲ့ ကွင်းလယ်ပိုင်းမှာ အသင်းကို အဓိက မောင်းနှင်နိုင်သူ ရိုဒရီကို လာလီဂါ အင်အားကြီးကလပ် ရီးယဲလ်က စပိန်မြေဆီ ပြန်လည် ခေါ်ဆောင်သွားဖို့ အထူးစိတ်ဝင်စားလို့နေပြီး အသင်းမှာ မရှိတော့တဲ့ တိုနီ ကရူးစ်နဲ့ ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့် မိုဒရစ်တို့လို ကွင်းလယ်ကစားသမားကြီးတွေရဲ့ နေရာအတွက် ရိုဒရီနဲ့ အစားထိုးသွားချင်နေပါတယ်။

ရိုဒရီဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသလို လက်ရှိမှာလည်း ဘာလွန်းဒေါဆုရှင်ပါ ဖြစ်ထားတာမို့ ရီးယဲလ်သာ ရိုဒရီကို လိုချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေးကို အမြောက်အများ အသုံးပြုရနိုင်ပြီး ဒါတောင် မန်စီးတီးက သူတို့အသင်းအတွက် အဖိုးတန် ကစားသမား ရိုဒရီကို အလွယ်တကူ လက်လွတ်ဖို့တော့ မရှိနိုင်ပါဘူး။

Photo Credit : Football365

ဒီအခြေအနေမှာ ရိုဒရီက “ရီးယဲလ် မက်ဒရစ်လို သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းနဲ့ အအောင်မြင်ဆုံးအသင်းက ခင်ဗျားကို ကမ်းလှမ်းလာပြီဆိုရင် ဒါဟာ ဂုဏ်ယူစရာကောင်းသလို ဒါကို အမြဲ နားထောင်နေရပါမယ်။ ဒါက သိသာပါတယ်။ ဒီလို ဖြစ်လာပြီဆိုရင် ဒါကို အမြဲ အာရုံစိုက်ထားရပါမယ်။”

“အင်္ဂလန်မှာ ကျွန်တော်ရဲ့ ကစားသမားဘဝကို အဆုံးသတ်ဖို့ဆိုတာ ဖြစ်နိုင်ချေ ရှိပါတယ်။ ကျွန်တော် ရှိနေရတာ အရမ်းကောင်းတယ်လို့ ခံစားရတယ်။ အင်္ဂလိပ် ဘောလုံးကိုလည်း နှစ်သက်ပြီး မန်စီးတီးကလည်း အသင်းကောင်း တစ်သင်းပါပဲ။ ဒါပေမယ့် စပိန်က ကျွန်တော်ရဲ့ နိုင်ငံ ဖြစ်ပြီးတော့ ကျွန်တော်က လာလီဂါပြိုင်ပွဲနဲ့ လာလီဂါ ကလပ်အသင်းတွေ အားလုံးကို အားပေးနေပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version