ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ရိုဒရီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ သူတို့အသင်းဟာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရီးရဲလ်မက်ဒရစ်ကို ရှုံးခဲ့ပေမယ့် ခြေစွမ်းပိုင်းမှာ သူတို့အသင်းက ရီးရဲလ်ကို အပြတ် အသာရခဲ့ပြီး ရီးရဲလ်ဟာ ကံကောင်းလွန်းလို့သာ အနိုင်ရသွားတာလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးက ကွာတားဖိုင်နယ်မှာ ပြိုင်ဘက်ဟောင်း ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး ပထမအကျော့ အဖြစ် ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားခဲ့ရာ တဖက် ၃ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: Marca

အဝေးကွင်းမှာ သရေကျခဲ့တာကြောင့် မန်ချက်စတာ စီးတီးက ဒုတိယအကျော့ အဖြစ် အီတီဟတ်မှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို စိတ်လွတ်ကိုယ်လွတ် တိုက်စစ်ဆင် ကစားကာ အနိုင်ရရှိရေး အတွက် ကြိုးစားခဲ့ပြီး ဧည့်သည် ရီးရဲလ်မက်ဒရစ်ကတော့ တပွဲလုံးနီးပါး ခံစစ်ကစားခဲ့ရပါတယ်။

မန်ချက်စတာ စီးတီးက ဒုတိယအကျော့မှာ အနိုင်ယူဖို့ အစွမ်းကုန် ပြင်ဆင်လာခဲ့ပေမယ့် အထလေးနေခဲ့တာကြောင့် ပွဲချိန် ၁၂မိနစ်မှာတင် ရိုဒရီဂိုရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် မန်ချက်စတာ စီးတီးက ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူကာ ရီးရဲလ်မက်ဒရစ်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၇၆မိနစ်မှာ ကယ်ဗင် ဒီဘရိုင်းက မန်ချက်စတာ စီးတီး အတွက် ချေပဂိုးကို ပြန်သွင်းပေးခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက တပွဲလုံးနီးပါး ရီးရဲလ်မက်ဒရစ်ကို ဖိကစားနိုင်ခဲ့ပေမယ့် ရူဒီဂါနဲ့ နာချိုတို့ ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ခံစစ်ကြောင်းကို ထင်သလို မထိုးဖောက်နိုင်ခဲ့တာကြောင့် သာမန်ပွဲကစားချိန်မှာ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရသလို အချိန်ပို မိနစ် ၃၀ ဆက်ကစားရာမှာလည်း လိုအပ်တဲ့ အနိုင်ဂိုးကို မရခဲ့ပါဘူး။

Photo Credit: Manchester City

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့က ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ပင်နယ်တီမှာတော့ ရီးရဲလ်မက်ဒရစ်ဘက်က စကန်တဲ့ မိုဒရစ် တဦးထဲသာ လွဲချော်ခဲ့ကာ မန်ချက်စတာ စီးတီးဘက်မှာတော့ ဘာနာဒို ဆေးလ်ဗားနဲ့ ကိုဗာဆစ်တို့ လွဲချော်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ မန်ချက်စတာ စီးတီးကို အနိုင်ရပြီး ဆီမီးဖိုင်နယ်ဆီ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

မန်ချက်စတာ စီးတီး ၁-၁ ရီးရဲလ်မက်ဒရစ် ပွဲအပြီးမှာတော့ စီးတီးကွင်းလယ်လူ ရိုဒရီက ဒီနေ့ပွဲမှာ သူတို့အသင်းဟာ ရီးရဲလ်မက်ဒရစ်ကို ခြေစွမ်းပိုင်းအရ အပြတ်အသတ် အသာရခဲ့ပေမယ့် ရီးရဲလ်က ကံကောင်းသွားလို့ ဆီမီးဖိုင်နယ်ဆီ ရောက်သွားခဲ့တာလို့ ဆိုလာပါတယ်။ ရိုဒရီက – “အရိုးသားဆုံး ပြောရရင်တော့ ဒီနေ့ပွဲမှာ ကျွန်တော်တို့ တသင်းထဲကပဲ ဘောလုံးကစားသွားတာပါ။ ပင်နယ်တီမှာတော့ ထုံးစံအတိုင်းပဲ ရီးရဲလ်မက်ဒရစ်က ကံကောင်းသွားခဲ့တာပေါ့။ ရီးရဲလ်မက်ဒရစ်က အမြဲတမ်း ကံကောင်းတတ်ပါတယ်။ သူတို့တသင်းလုံး ခံစစ်စည်းထဲ ကနေ မထွက်ရပဲနဲ့တောင် နိုင်ပွဲကို ရသွားခဲ့ပါသေးတယ်” လို့ ပြောကြားသွားခဲ့တာပါ။