၂၀၂၄ ဘာလွန်းဒေါဆုရှင် မန်ချက်စတာ စီးတီးအသင်းရဲ့ စပိန် ကွင်းလယ်ကစားသမား ရိုဒရီက ဒူးအရွတ်စုတ်ပြဲတဲ့ ACL ဒဏ်ရာဆိုးကြီးကို ရရှိထားလို့ ကာလရှည်ကြာအထိ အနားယူရတော့မှာ ဖြစ်ပေမယ့်လည်း သူ့အနေနဲ့ကတော့ အခုရာသီထဲမှာပဲ ဘောလုံးပြန်ကစားနိုင်လိမ့်မယ်လို့ ခံစားနေမိကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။
အသက် (၂၈)နှစ်အရွယ် စပိန် လက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား ရိုဒရီဟာ မန်စီးတီးနဲ့ စပိန်အသင်းတို့အတွက် မရှိမဖြစ် အရေးပါလှတဲ့ ကစားသမားတစ်ဦး ဖြစ်သလို စပိန်ကို ယူရို-၂၀၂၄ ချန်ပီယံ ဖြစ်လာအောင်နဲ့ မန်စီးတီးကို ပရီးမီးယားလိဂ်မှာ (၄)နှစ်ဆက်တိုက် စံချိန်တင် ချန်ပီယံဖြစ်အောင် အဓိကနေရာကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။
Photo Credit : Reuters
သူရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကြောင့် ဘာလွန်းဒေါဆုပါ ပိုင်ဆိုင်ခဲ့ရတဲ့ ရိုဒရီဟာ ဘာလွန်းဒေါဆုရှင် မဖြစ်ခင် ရက်သတ္တပတ် အနည်းငယ်လောက်အလိုမှာပဲ ACL ဒဏ်ရာဆိုးကြီး ရရှိသွားခဲ့တာကြောင့် လပိုင်းများစွာ အနားယူရဖွယ် ရှိနေရသလို အခု ဘောလုံးရာသီ တစ်ခုလုံးကိုလည်း လွဲချော်ရနိုင်ပါတယ်။
လက်ရှိမှာ မန်စီးတီးကလည်း ရိုဒရီ မပါဝင်နိုင်တဲ့ ပွဲစဉ်တွေအတွင်း ရုန်းကန်မှုတွေ ရှိနေရပြီး နည်းပြ ဂွာဒီယိုလာလက်ထက် ဘယ်တုန်းကမှ မကြုံဖူးခဲ့တဲ့ ပြိုင်ပွဲစုံ (၄)ပွဲဆက်တိုက်တွေအထိပါ ရှုံးနိမ့်ခဲ့ရပါသေးတယ်။ ဒီအချိန်မှာ ရိုဒရီက အင်တာဗျူး အစီအစဉ်တစ်ခုအတွင်း သူရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး “ဒီဘောလုံးရာသီထဲမှာပဲ ကျွန်တော် ပြန်လာနိုင်မယ်လို့ ခံစားနေမိပါတယ်။”
Photo Credit : Fabrizio Romano
“ဟုတ်ပါတယ်။ ကျွန်တော် အဲ့ဒီလို ခံစားနေမိတယ်။ ဒါက ဖြစ်နိုင်ပြီးတော့ ဖြစ်အောင်လည်း လုပ်နိုင်ပါတယ်။ အခုဆို ကျွန်တော် နာလန်ထူနေပါပြီ။ ဖိအားတွေလည်း မရှိပါဘူး။ အခုက အကောင်းဆုံးနည်းလမ်းနဲ့ ပြန်လာနိုင်ဖို့ကပဲ အရေးကြီးပါတယ်။ ဒီရာသီကလည်း ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲပုံစံအသစ်နဲ့ အရှည်ကြီး ဖြစ်နေပါတယ်။ ကျွန်တော် ရအောင် လုပ်နိုင်ပါမယ်။” ပြောဆိုသွားခဲ့ပါတယ်။
မန်စီးတီးကတော့ ရိုဒရီ ပြန်မကစားနိုင်ချိန်မှာ အသင်းရဲ့ ကွင်းလယ်ပိုင်း အထူးသဖြင့် နံပါတ် (၆)နေရာအတွက် ထိပ်တန်း ကစားသမားတစ်ဦးကို ခေါ်ယူသွားဖို့ ရှိနေရာ ဆိုစီဒက်အသင်းရဲ့ စပိန် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီနဲ့ အတ္တလန်တာက ဘရာဇီးလ် ကွင်းလယ်လူ အက်ဒါဆင်တို့ကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။