အင်္ဂလန် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ရိုဒရီက သူတို့အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်တဲ့ အာဆင်နယ်ကို လိုက်မှီဖို့ မလွယ်ကူတော့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့က ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို အပြိုင် လုနေကြတဲ့ အသင်းတွေ ဖြစ်ပြီး အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၂) အပြီးမှာ မန်ချက်စတာ စီးတီးထက် တပွဲလျော့ ကစားထားကာ ရမှတ် ၅မှတ် အသာရနေပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ အာဆင်နယ်က မန်ချက်စတာ စီးတီးထက် ပရီးမီးယားလိဂ် ဆုဖလားနဲ့ ပိုမို နီးစပ်တဲ့ အခြေအနေကို ရောက်နေပေမယ့် အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့ဟာ အမှတ်ပေးပွဲ ၂ပွဲ ရင်ဆိုင် ကစားဖို့ ကျန်နေသေးတာကြောင့် အဆိုပါ ၂ပွဲစလုံးမှာသာ မန်ချက်စတာ စီးတီးက နိုင်ပွဲတွေ ရယူနိုင်ခဲ့ရင် သူတို့ရဲ့ အမှတ်ပေး ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်စွမ်း ရှိပါသေးတယ်။

ဒါပေမယ့် မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ရိုဒရီက သူတို့အသင်းဟာ ခြေစွမ်းကောင်းတွေ ပြန်ရနေပေမယ့် အာဆင်နယ်ကသာ ခြေစွမ်းမကျသွားရင် သူတို့ဟာ အာဆင်နယ်ကို လိုက်မှီဖို့ မလွယ်ကူတော့ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Metro

ရိုဒရီက – “ကျွန်တော်တို့က တည်တည်ငြိမ်ငြိမ်ပဲ ရှိနေပါသေးတယ်။ ကစားရမယ့်ပွဲတွေ အများကြီး ကျန်သေးသလို ကျွန်တော်တို့က လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပါပြီ။ ဒါပေမယ့် အာဆင်နယ်က ပထမရာသီဝက်မှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ထုတ်ပြနိုင်ခဲ့တာကို လက်ခံရပါမယ်။ တကယ်လို့ သူတို့ကသာ အဲ့ဒီခြေစွမ်းကို ဆက်ထိန်းထားနိုင်မယ် ဆိုရင် ကျွန်တော်တို့က သူတို့ကို လိုက်မှီဖို့ မဖြစ်နိုင်တော့ပါဘူး” လို့ ထုတ်ဖော် ဝန်ခံသွားခဲ့တာပဲ ဖြစ်ပါတယ်။