ယခုနှစ် ဘောလုံးရာသီမှာ မထင်မှတ်ထားလောက်အောင် ရလဒ်တွေ ဆိုးဝါးနေတဲ့ လက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ဘရန်ဒန် ရော်ဂျာကတော့ အကယ်၍ အသင်းကသာ ရလဒ်ဆိုးတွေကြောင့် သူ့ကို ထုတ်ပယ်ချင်ရင် အသင်းရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာသွားပါ့မယ်လို့ စပါး ၆-၂ လက်စတာ စီးတီးရဲ့ ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ထိပ်တန်း ကစားသမား တချို့ အပါအဝင် ကစားသမားကောင်း များစွာ ပိုင်ဆိုင်ထားတဲ့ လက်စတာ စီးတီးက အသင်းကြီးတွေကိုတောင် ဒုက္ခပေးနိုင်စွမ်း ရှိတဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ အတော်လေးကို ရလဒ်တွေ ဆိုးဝါးနေပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၇) အပြီးမှာ ၁ပွဲသရေ ၆ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးနဲ့အတူ အမှတ်ပေးဇယားရဲ့ အောက်ဆုံးကို ရောက်ရှိနေပါတယ်။

Photo Credit: Football London

ဒါကြောင့်ပဲ ယမန်နေ့မှာ ကစားခဲ့တဲ့ စပါး ၆-၂ လက်စတာ စီးတီး ပွဲစဉ်အပြီးမှာ လက်စတာ စီးတီးရဲ့ ပရိသတ်တွေက သူတို့အသင်း တန်းဆင်းသွားမှာကို စတင် စိုးရိမ်လာကြပြီး ဘရန်ဒန် ရော်ဂျာကိုလည်း ရာထူးကနေ အမြန်ဆုံး ထုတ်ပယ်ပေးဖို့ အသင်းဆီ စတင် တောင်းဆိုလာကြပါတယ်။

ဘရန်ဒန် ရော်ဂျာကလည်း စပါးကို အဝေးကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းရဲ့ ရလဒ်ဆိုးတွေ အတွက် သူ့မှာ တာဝန်ရှိကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့သလို အသင်းဘက်က သူ့ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်မယ် ဆိုရင်လည်း သူဟာ အသင်းရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ ရှိကြောင်း ပြောကြားသွားပါတယ်။

Photo Credit: Football London

ဘရန်ဒန် ရော်ဂျာက – “အသင်းဘက်က ဒီအခြေအနေတွေနဲ့ (ရလဒ်ဆိုးဝါးနေမှု) ပတ်သတ်ပြီး ဘယ်လိုဆုံးဖြတ်ချက်မျိုး လုပ်လုပ် ကျွန်တော်ဟာ လက်ခံဖို့ အဆင်သင့်ပါပဲ။ ဒါပေမယ့် ဒီနေ့ပွဲရဲ့ ပထမပိုင်းမှာ ကျွန်တော်တို့ရဲ့ ကစားပုံကို ကြည့်လိုက်ရင် ကစားသမားတွေဟာ ယုံကြည်မှုအပြည့်နဲ့ ကစားနေကြတာကို ခင်ဗျားတို့ မြင်တွေ့ကြရပါလိမ့်မယ်။ ကျွန်တော်ကတော့ အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးနိုင်မယ်လို့ ယုံကြည်နေဆဲပါ” လို့ ပြောကြားသွားခဲ့တာပါ။

ရော်ဂျာရဲ့ လက်စတာ စီးတီးဟာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပေမယ့် သူတို့အသင်းဟာ ပရီးမီးယားလိဂ် ၇ပွဲမှာ အသင်းကြီးတွေ ဖြစ်တဲ့ အာဆင်နယ် ၊ ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ကို ရင်ဆိုင် ကစားခဲ့ရတာကြောင့် ဘောလုံးရေးရာ သုံးသပ်သူတွေက လက်စတာ စီးတီးအနေနဲ့ ရော်ဂျာကို စိတ်ရှည်ပေးရန် လိုအပ်ကြောင်း အကြံပေးနေကြပါတယ်။