ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံထားရတဲ့ လက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဘရန်ဒန် ရော်ဂျာဟာ မန်ချက်စတာမြို့ရဲ့ ချက်ရှိုင်းယားအရပ်မှာ နေအိမ် စတင် ရှာဖွေနေပြီ ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ပွဲမှာ ၁ပွဲနိုင် ၁ပွဲသရေ ၄ပွဲရှုံး ဆိုတဲ့ မှတ်တမ်းဆိုး တခုကို ပိုင်ဆိုင်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာသာ နိုင်ပွဲ မရခဲ့ရင် အသင်းရဲ့ နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ထားပြီး ဆိုးလ်ရှားရဲ့ နေရာ အတွက် လက်စတာ စီးတီးအသင်းကို အသင်းကြီးတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် ဦးဆောင်ထားနိုင်တဲ့ ဘရန်ဒန် ရော်ဂျာကို သဘောကျနေပါတယ်။

Photo Credit: Team Talk

လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ဘရန်ဒန် ရော်ဂျာအပြင် အေဂျက်နည်းပြ တန်ဟက်နဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းတို့ကိုလည်း မျက်စိကျနေပေမယ့် ဗြိတိန်နိုင်ငံသား တဦး ဖြစ်သူ ဘရန်ဒန် ရော်ဂျာဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်ပြီး ရော်ဂျာကို မရမှသာ ဇီဒန်းနဲ့ တန်ဟက်တို့ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားသွားမယ်လို့ မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြထားပါတယ်။

အသက် ၄၈နှစ် အရွယ် မြောက်အိုင်ယာလန် နိုင်ငံသား ထိပ်တန်းနည်းပြ ဘရန်ဒန် ရော်ဂျာဟာ ဆွမ်ဆီး ၊ လီဗာပူးနဲ့ လက်စတာ စီးတီးအသင်းတို့ကို ကိုင်တွယ်ဖူးတာကြောင့် ပရီးမီးယားလိဂ် အတွေ့အကြုံရင့် နည်းပြတဦး ဖြစ်သလို ဆဲလ်တစ်အသင်းကို ကိုင်တွယ်စဉ်မှာလည်း ရှုံးပွဲမရှိစံချိန်နဲ့ အမှတ်ပေးဖလားကို ရယူနိုင်ခဲ့သူပါ။

Photo Credit: Team Talk

ဗြိတိန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘရန်ဒန် ရော်ဂျာဟာ မန်ချက်စတာ ယူနိုက်တက်အသင်း အခြေစိုက်ရာ အရပ်ဒေသ ဖြစ်တဲ့ မန်ချက်စတာမြို့ ချက်ရှိုင်းယားအရပ်မှာ နေအိမ်တလုံးကို စတင် ရှာဖွေနေကြောင်း သိရပါတယ်။

မန်ချက်စတာမြို့ ၊ ချက်ရှိုင်းယားအရပ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေ ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ဘုတ်အဖွဲ့ဝင် အများစု နေထိုင်ကြပြီး ရော်ဂျာ တယောက် ချက်ရှိုင်းယားအရပ်မှာ နေအိမ် ရှာဖွေနေတာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ အတွက် ဖြစ်ကြောင်း ရော်ဂျာနဲ့ နီးစပ်သူ တဦးကလည်း ဆိုထားပါတယ်။