အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေထဲက တသင်း ဖြစ်တဲ့ လက်စတာ စီးတီးအသင်းရဲ့ ပဲ့ကိုင်ရှင် ဘရန်ဒန် ရော်ဂျာဟာ လတ်တလောမှာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ဆိုသလို ကြုံတွေ့နေရတာကြောင့် နည်းပြအပြောင်းအလဲ လုပ်ဖို့ တာစူနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အသီးသီး ဖော်ပြသွားကြပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ပွဲမှာ ၁ပွဲသာ အနိုင်ရထားတဲ့ အထိ ရလဒ်တွေ ဆိုးဝါးနေတာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားနေပြီး ယခုတပတ်မှာ ကစားမယ့် ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာသာ ရလဒ် ဆိုးဝါးခဲ့ရင် ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖွယ် ရှိပါတယ်။

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကိုသာ ရာထူးကနေ ထုတ်ပယ်ဖြစ်ပါက လက်စတာ စီးတီးအသင်းရဲ့ နည်းပြ ဘရန်ဒန် ရော်ဂျာ ၊ အေဂျက်နည်းပြ တန်ဟက်နဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းတို့ထဲက တဦးကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားဖွယ် ရှိကြောင်း သိရပါတယ်။

Photo Credit: Mirror

အဆိုပါ နည်းပြ၃ဦး အနက် ဘရန်ဒန် ရော်ဂျာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေကာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာလည်း ရော်ဂျာက မန်ချက်စတာမြို့ ချက်ရှိုင်းယားအရပ်မှာ နေအိမ် ရှာဖွေခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနက ဆိုထားပါတယ်။

ယုံကြည်စိတ်ချရတဲ့ သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ရော်ဂျာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြရာထူးကို ရယူဖို့ အတွက် စိတ်ဝင်စားနေကြောင်း အတည်ပြုပေးခဲ့ပြီး အကယ်၍ မန်ချက်စတာ ယူနိုက်တက်အသင်းကသာ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ရင် ရော်ဂျာဘက်က ကမ်းလှမ်းမှုကို ချက်ချင်း လက်ခံဖွယ် ရှိကြောင်း ယနေ့မနက်ပိုင်းမှာပဲ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။