ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဘရန်ဒန် ရော်ဂျာကတော့ အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား မက်ဒီဆင်ဟာ ပေါင် ၁၀၀သန်း တန်တဲ့ ကစားသမား ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

လန်ဒန်မြို့ အခြေစိုက် နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ကွင်းလယ်တိုက်စစ် ကစားသမား တဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေပြီး မက်ဒီဆင်ဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Football London

ဗြိတိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ မက်ဒီဆင် အတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း + နိုင်းလ် (သို့) အန်ခီးတီးယား (သို့) နယ်ဆင်တို့ သုံးဦးထဲက တဦးကို အလိုက်ပေးမယ် ဆိုပြီး ကမ်းလှမ်းခဲ့ပေမယ့် လက်စတာအသင်းက ချက်ချင်းပဲ ပယ်ချခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းဟာ မက်ဒီဆင်ကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်ပြီး မက်ဒီဆင် အတွက် ဒုတိယမြောက် ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်းနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း Football London သတင်းဌာနက ဆိုပါတယ်။

Photo Credit: Football London

လက်စတာအသင်းရဲ့ နည်းပြဖြစ်သူ ရော်ဂျာကတော့ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ မက်ဒီဆင်ကို အသင်းကနေ ရောင်းထုတ်ဖို့ မစဉ်းစားထားသလို မက်ဒီဆင်ကို ခေါ်ယူချင်ပါက မန်ချက်စတာ စီးတီးအသင်းက ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂရီးလစ်ရှ်ကို ခေါ်ယူစဉ်က ပေးချေခဲ့တဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကို ပေးချေဖို့ လိုအပ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ရော်ဂျာဟာ လက်စတာ စီးတီးအသင်းက မန်ချက်စတာ စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ် ပြီးဆုံးချိန်မှာ မက်ဒီဆင်ရဲ့ တန်ကြေးအကြောင်းကို ပြောပြခဲ့တာ ဖြစ်ပြီး အကယ်၍ လက်စတာအသင်းကသာ အာဆင်နယ်အသင်းရဲ့ ဒုတိယမြောက် ကမ်းလှမ်းမှုကို ငြင်းပယ်ပါက အာဆင်နယ်အသင်းဟာ မက်ဒီဆင်ကို ခေါ်ယူဖို့ ကြိုးစားနေမှုအား လက်လျော့ရဖွယ် ရှိပါတယ်။