မနက်ဖြန် ည(၉)နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားသွားရတော့မယ့် လက်စတာစီးတီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၈) ရာသီသိမ်းပွဲဟာ တိုက်တိုက်ဆိုင်ဆိုင် ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် အဖြေထုတ်ပေးမယ့် စိတ်ဝင်စားစရာ ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်လာခဲ့ရပြီး ယူနိုက်တက်အသင်းက သရေတစ်မှတ်လောက် ရယူရုံနဲ့တင် ချန်ပီယံလိဂ်ဝင်ခွင့်ရတယ်ဆိုပေမယ့် လက်စတာအသင်းထက် ယူနိုက်တက်အသင်းဆီမှာသာ ဖိအားပိုများနေလိမ့်မယ်လို့ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာစ်က ပြောဆိုလိုက်ပါတယ်။

Photo Credit : The Times

လက်စတာအသင်းက ရာသီအစကတည်းက ရလဒ်တွေ တောက်လျှောက်ကောင်းမွန်ခဲ့လို့ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နိုင်ခဲ့ရပေမယ့်လည်း ကိုဗစ်အလွန် ဘောလုံးပွဲတွေ ပြန်လည်စတင်ပြီးနောက်မှာ ရလဒ်တွေ ကျဆင်းလာခဲ့သလို အခုဆိုရင်လည်း အဆင့်(၅)နေရာကိုတောင် ရောက်ရှိလာခဲ့ရပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူနဲ့အနီးစပ်ဆုံး ပြိုင်ဘက်တွေဖြစ်တဲ့ ချယ်လ်ဆီး ယူနိုက်တက်အသင်းတို့ အမှတ်ကွာဟချက်က များများစားစား မရှိထားခဲ့တဲ့အပြင် ရာသီပိတ်ပွဲမှာလည်း ယူနိုက်တက်အသင်းနဲ့ ကင်းပါဝါကွင်းအတွင်းမှာ ရင်ဆိုင်ရဦးမှာဖြစ်လို့ အခွင့်အရေးတွေကနေ ရှိနေသေးတာဖြစ်ပါတယ်။

Photo Credit : Goal

ရော်ဂျာစ်က “ကျွန်တော်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို အလိုရှိနေပါတယ်။ ဒါပေမယ့် ယူနိုက်တက်လို အသင်းမျိုးကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ကို လိုအပ်နေတာပါ။ ဒါက ကျွန်တော်တို့(၂)သင်းကြားက ကွာခြားချက်ပါ။ ကျွန်တော်တို့က ဝင်ခွင့်ကိုရချင်နေတယ်ဆိုပေမယ့်လည်း တကယ်လို့ တိမ်းစောင်းသွားခဲ့ရင်တောင် ဒီရာသီက ကျွန်တော်တို့အတွက် အကောင်းဆုံးရာသီဖြစ်နေဦးမှာပဲ။ ကျွန်တော်က ဗိုလ်လုပွဲတွေနဲ့ အရမ်းကို အရေးကြီးလှတဲ့ပွဲတွေကိုလည်း ဖြတ်သန်းလာခဲ့ဖူးတော့ ဒါက ကျွန်တော့်အတွက် အသစ်အဆန်းတော့ ဖြစ်မနေပါဘူး။ စိတ်တွေကတော့ လှုပ်ရှားနေရတယ်။ ဒီရာသီကို အမြင့်မားဆုံးနေရာတစ်ခုမှာ အဆုံးသတ်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ ကြိုးစားသွားမှာပါ” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ လက်စတာအသင်းဟာ လက်ရှိမှာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရပြီး အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဘယ်နောက်ခံလူ ဘန်ချီဝဲလ် ညာနောက်ခံလူရီကာဒိုပယ်ရဲရားနဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်မက်ဒီဆန်တို့ ဒဏ်ရာကြောင့် ယူနိုက်တက်နဲ့ပွဲဲကို လွဲချော်မှာဖြစ်သလို ဗဟိုခံစစ်ကစားသမား ဆိုရန်ဂူဟာလည်း အနီကတ်ပြစ်ဒဏ်ကြောင့် ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်နိုင်မှာမဟုတ်ပါဘူူး။