ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း ဖြစ်တဲ့ လက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ဘရန်ဒန် ရော်ဂျာကတော့ သူတို့ရဲ့ ပြိုင်ဘက်အသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ အဓိက ဗဟိုခံစစ်မှူး ဖိုဖာနာကို ရောင်းချဖို့ စိတ်ကူးမရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ တသင်းလုံးနီးပါးကို အပြောင်းအလဲ ပြုလုပ်ဖို့ ကြိုးပမ်းနေတဲ့ အသင်း ဖြစ်ပြီး သူတို့အသင်းရဲ့ ပစ်မှတ် ခံစစ်မှူးတွေထဲမှာ လက်စတာ စီးတီးနဲ့အတူ တောက်ပနေတဲ့ ဖိုဖာနာဟာ ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။

Photo Credit: Standard

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ဗဟိုခံစစ်မှူး ဖိုဖာနာက ၂၀၂၀ခုနှစ်မှာ စိန့်အက်တီယန် ကနေ လက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၃၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းအတွက် ၂ရာသီ အတွင်းမှာ ပွဲ ၅၀ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဖိုဖာနာက လက်စတာ စီးတီးထံ ရောက်ရှိခဲ့ပြီးနောက် အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို သူ့ရဲ့ ခြေစွမ်းတွေကြောင့်ပဲ လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အလားအလာ အကောင်းဆုံး လူငယ် ဗဟိုခံစစ်မှူးတွေထဲက တဦး အဖြစ်ပါ သတ်မှတ်ခံထားရပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ခံစစ်ပိုင်းမှာ ကူလီဘလီနဲ့ သီယာဂို ဆေးလ်ဗားတို့ကို ဝါရင့် ခံစစ်မှူးတွေသာ ရှိနေတဲ့ ချယ်လ်ဆီးက ဖိုဖာနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ဖိုဖာနာကို ခေါ်ယူနိုင်ဖို့ ကစားသမားနဲ့ရော ၊ လက်စတာ စီးတီးနဲ့ပါ ဆွေးနွေးမှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်နေပါတယ်။

ဒါပေမယ့် လက်စတာ စီးတီးကတော့ ရာသီသစ် စတင်ဖို့ နီးကပ်နေတာကြောင့် သူတို့အသင်းရဲ့ အဓိက ခံစစ်မှူး ဖိုဖာနာကို ရောင်းချလိုစိတ် မရှိသလို လက်စတာနည်းပြ ရော်ဂျာကလည်း ဖိုဖာနာကို လုံးဝ ရောင်းချမှာ မဟုတ်ဘူးလို့ ပြောကြားသွားပါတယ်။ ရော်ဂျာက – “ဖိုဖာနာဟာ ထိပ်တန်းအဆင့် အရည်အသွေးတွေကို ပိုင်ဆိုင်ထားတဲ့သူပါ။ ဒါကြောင့် ကျွန်တော်တို့အတွက် သူက ရောင်းချမယ့် ကစားသမားမျိုး မဟုတ်ပါဘူး။ သူ့မှာ တိုးတက်မှုတွေ ရလာဖို့ လုပ်ဆောင်ရမယ့် အရာတွေ အများကြီး ကျန်သေးသလို သူကိုယ်တိုင်ကလည်း အသင်းမှာ ပျော်ရွှင်နေပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။