မနေ့ညက ကစားသွားခဲ့တဲ့ ပွဲစဉ်တွေထဲမှာ ပွဲကောင်းတစ်ပွဲအဖြစ် ပါဝင်နေတဲ့ လက်စတာစီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာတော့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ကာ ရမှတ် တစ်မှတ်စီ ခွဲဝေယူခဲ့ကြပါတယ်။

Photo Credit: Metro.com

ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ပစ်မှတ်ထားနေတဲ့ အသင်းနှစ်သင်းဖြစ်တာကြောင့် နှစ်သင်းစလုံးဟာ အနိုင်ရလဒ်ရရှိဖို့ ဦးတည်ကစားခဲ့ကြပြီး ပွဲဟာ အကြိတ်အနယ်ရှိခဲ့ပါတယ်။ လက်စတာအသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန် ၅၄ မိနစ်မှာ ဘားနက် ၊ ပွဲကစားချိန် ၆၄မိနစ်မှာ ဘန်ချီဝဲလ်တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်းအတွက် သွင်းဂိုးနှစ်ဂိုးစလုံးကိုတော့ နောက်ခံလူ ရူဒီဂါက ပွဲချိန် ၄၆မိနစ်နဲ့ ၇၁မိနစ်တို့မှာ သွင်းယူပေးခဲ့တာပါ။

Photo Credit: Metro.com

နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်အပြီးမှာတော့ လက်စတာစီးတီးအသင်းနည်းပြ ရော်ဂျာဟာ ချယ်လ်ဆီးအသင်းနဲ့တွေ့ဆုံတိုင်း အနိုင်မရရှိတဲ့စံချိန်ဆိုး ဆက်လက်တည်မြဲခဲ့တယ်လို့ သိရှိရပါတယ်။ နည်းပြဘဝမှာ ဆွမ်ဆီး ၊ လီဗာပူးလ် ၊ လက်စတာအသင်းစတဲ့ အသင်းတွေနဲ့ ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးအသင်းကို ရင်ဆိုင်ဖူးတဲ့ ရော်ဂျာဟာ လက်ရှိအချိန်အထိ တစ်ကြိမ်မှ ချယ်လ်ဆီးအသင်းကို အနိုင်မရသေးပါဘူး။

Photo Credit: Metro.com

ရော်ဂျာဟာ သူ့ရဲ့နည်းပြဘဝမှာ ချယ်လ်ဆီးအသင်းနဲ့ ၁၄ကြိမ် ထိပ်တိုက်ရင်ဆိုင်ခဲ့ရဖူးပြီး အဆိုပါ ၁၄ကြိမ်ထဲမှာ သရေပွဲ ၈ပွဲနဲ့ ရှုံးပွ​ဲ ၆ပွဲ ကြုံတွေ့ခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းဟာ ရော်ဂျာရဲ့လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ ၂ ၀ ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူကာ လီဗာပူးလ်ကို ပရီးမီးယားလိဂ်ချန်ပီယံဆု မရရှိအောင် တားဆီးနိုင်ခဲ့တဲ့ ပွဲကတော့ ရော်ဂျာရဲ့ နည်းပြဘဝ ချယ်လ်ဆီးနဲ့တွေ့ဆုံမှုမှာ အဆိုးဝါးဆုံး ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပါတယ်။