ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တစ်သင်းဖြစ်တဲ့ မန်ယူအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်သူ ရော့ဘ်ဆန်က ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းထံကို ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဟာ သူဆက်ခံထားတဲ့ ကျောနံပါတ် ရဲ့ ယခင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ပေါလ်စခိုးရဲ့ ခြေရာကို နင်းနိုင်သူ ဖြစ်တယ်လို့ ချီးကျုးပြောဆိုသွားခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်ဟာ ပေါ်တူဂီ အသင်းတစ်သင်းဖြစ်တဲ့ စပို့တင်းလစ္စဘွန်း အသင်းကနေ မန်ယူအသင်းထံကို ပြောင်းရွှေ့ကြေး ပေါင်၅၄သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ချက်ချင်းဆိုသလိုပဲ အသင်းနဲ့ အထိုင်ကျခဲ့ကာ အသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦးဖြစ်လာသူပါ။

Photo Credit: Metro.com

အသက်၂၅နှစ်အရွယ်သာ ရှိသေးတဲ့ ကွင်းလယ်လူ ဖာနန်ဒက်ဟာ မန်ယူအသင်းထံကို ပြောင်းရွှေ့လာခဲ့ပြီးနောက်မှာ ထိပ်တန်း ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်က ပေးအပ်တဲ့ ဖေဖော်ဝါရီလအတွက် အကောင်းဆုံး ကစားသမားဆုအပါအဝင် အသင်းရဲ့ ပရိသတ်တွေ ပေးအပ်တဲ့ ဖေဖော်ဝါရီလနဲ့ မတ်လ အကောင်းဆုံး ကစားသမားဆုတွေကိုလည်း ရရှိခဲ့ပါသေးတယ်။ ဒါ့အပြင် မန်ယူအသင်းဟာလည်း လက်ရှိ နည်းပြဆိုးလ်ရှားရဲ့ လက်အောက်မှာ အရှည်ကြာဆုံး ရှုံးပွဲမရှိတဲ့ စံချိန်တစ်ခုကို ရရှိခဲ့ပြီး ဖာနန်ဒက် ရဲ့ ခြေစွမ်းတွေက ပိုမိုပေါ်လွင်လာခဲ့ပါတယ်။ ဒါ့ကြောင့်လဲ ဘောလုံးကျွမ်းကျင်သူတချို့နဲ့ မန်ယူပရိသတ်တချို့က ဖာနန်ဒက်ကို အသင်းရဲ့ ကွင်းလယ်မှာ နှစ်ပေါင်းများစွာ ကြီးစိုးခဲ့တဲ့ ပေါလ်စခိုးနဲ့ နှိုင်းယှဉ်ကာ ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

Photo Credit: Metro.com

လက်ရှိမှာတော့ အဆိုပါချီးကျူးမှုတွေထဲကို ဘရိုင်ယန် ရော့ဘ်ဆန်ကလဲ ပါဝင်လာခဲ့ပါပြီ။ ရော့ဘ်ဆန်ကတော့ ဖာနန်ဒက်ဟာ ပေါလ်စခိုးနဲ့ တချို့အချက်တွေမှာ တူညီလွန်းတယ်လို့ သူ့ရဲ့ အမြင်ကို ပြောပြသွားခဲ့ပါတယ်။ ရော့ဘ်ဆန်က ” ကျွန်တော့်အမြင်ကို ပြောရရင် ဖာနန်ဒက်က အရမ်းကောင်းတဲ့ ကစားပုံတစ်ခုနဲ့အတူ အသင်း အတွက် အကျိုးအများကြီးရှိအောင် လုပ်ဆောင် ပြနိုင်ခဲ့သူပါ။ သူက တကယ့်ကို ထိပ်တန်း ကစားသမားတစ်ဦးလိုပါပဲ။ သူက အမြဲတမ်း ရွေ့လျားနေတယ်။ ပြီးတော့ ဘောလုံးကိုလည်း အမြဲတမ်း လက်ခံလိုနေတယ်။ ကောင်းမွန်တဲ့ ပေးပို့မှုတွေ ရှိသလို ရွေ့လျားမှုနှစ်ခုကိုလည်း တစ်ပြိုက်နက်ထဲ လုပ်နိုင်ပါတယ်။ ဒါတွေက စခိုးလ်လုပ်နေကျ ပုံစံတွေပဲလေ ” လို့ ခိုင်းနှိုင်း ချီးကျူးသွားခဲ့တာပါ။