အီတလီ စီးရီးအေရဲ့ အသင်းကြီး တစ်သင်းဖြစ်တဲ့ အေစီမီလန် အသင်းနဲ့ ဘရာဇီး နိုင်ငံ အသင်းရဲ့ လက်ရွေးစင် တိုက်စစ် ကစားသမား‌ ဟောင်းတစ်ဦး ဖြစ်တဲ့ ရော်ဘင်ဟို ဟာ အုပ်စုဖွဲ့ မုဒိန်းကျင့်မှုမှာ ပါဝင်ခဲ့တဲ့ အတွက် အီတလီတရားရုံးကနေပြီးတော့ ဒီကနေ့မှာ ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၉ နှစ်ချမှတ်ခဲ့ပါတယ်။ အဆိုပါ အမှု ဖြစ်ပွားခဲ့တာကတော့ လွန်ခဲ့တဲ့ ၇ နှစ်ကျော်က ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ မီလန်မှာ ရှိတဲ့ နိုက်ကလပ် တစ်ခုမှာ ရော်ဘင်ဟို နဲ့ လူငါးဦး ဟာ အသက် ၂၂ နှစ် အရွယ် အယ်လ်ဘေးနီးယန်း အမျိုးသမီး တစ်ဦးကို အုပ်စုဖွဲ့ မုဒိန်းကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။ ထိုအချိန် ကတည်းက ကျုးလွန်သူ ၆ ဦးစလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး ဒီနေ့အထိ စစ်ဆေး နေခဲ့တာ ဖြစ်ပါတယ်။

Photo Credit: SportBible

ရော်ဘင်ဟို ဟာ အဆိုပါ အုပ်စုဖွဲ့ မုဒိမ်းမှုမှာ ပါဝင်ကျုးလွန်ခဲ့တယ်ဆိုတာ ကို စစ်ဆေး တွေ့ရှိခဲ့ရပြီး တရားရုံးကနေ ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် တရားခံတစ်ဦး ဖြစ်တဲ့ ရော်ဘင်ဟိုရဲ့ သူငယ်ချင်း ဖြစ်သူ ဘရာဇီးလူမျိုး ရီကာဒို ဖယ်လ်ကို ကိုလည်း တရားသူကြီးက ရော်ဘင်ဟိုနဲ့ အတူ ထောင်ဒဏ် ၉ နှစ် ခံယူ‌‌ စေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ တရားရုံးရဲ့ စစ်ဆေးချက်‌မှာတော့ ကျုးလွန်ခံရသူ အမျိုးသမီဟာ အရက်မူးနေခဲ့တာ ဖြစ်ပြီးတော့ ထိုအရက်မူး‌ နေတဲ့ အမျိုးသမီးကို ရော်ဘင်ဟိုနဲ့ လူတစ်စုက အခွင့်ကောင်းယူခဲ့တာ ဖြစ်တယ်လို့ ပါရှိပါတယ်။ ရော်ဘင်ဟို နဲ့ ရီကာဒို တို့ကိုတော့ တရားရုံးက ထောင်ဒဏ် ၉ နှစ်စီ အသီးသီး ချမှတ်ခဲ့ပြီး ဖြစ်ပေမယ့်လည်း ကျန်ရှိတဲ့ လူလေးဦး ရဲ့ အမှုကိုတော့ ဆိုင်းငံ့ထားသေးတယ်လို့ သိရှိရပါတယ်။

Photo Credit: SportBible

သတင်းထောက်တွေ အနေနဲ့လည်း အဆိုပါ လေးဦးဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။ ရော်ဘင်ဟို နဲ့ ရီကာဒို တို့ နှစ်ဦးကို ထောင်ဒဏ် အပြင် ကျူးလွန်ခံရသူ အမျိုးသမီး အတွက် နစ်နာကြေး ယူရို ၆ သောင်း ပေးဆောင်ဖို့လည်း တရားသူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။ အီတလီတရားဥပဒေမှာဆိုရင် အယူခံဝင်မှု အဆင့် ၄ ဆင့်ရှိတာကြောင့် ရော်ဘင်ဟို ကို ပြစ်ဒဏ် ချမှတ်ပြီး ဖြစ်ပေမယ့်လည်း ထောင်ထဲကို မပို့ဆောင်ရသေးဘူး ဖြစ်ပါတယ်။ အသက် ၃၆ နှစ် ရှိပြီ ဖြစ်တဲ့ ရော်ဘင်ဟို ဟာ အေစီမီလန် အသင်း အတွက် ၂၀၁၀ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ၁၀၈ ပွဲကစားပေးခဲ့ပြီး ၂၅ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံ အတွက်လည်း ပွဲပေါင်း ၁၀၀ တိတိကစားပေးခဲ့ပြီး ၂၈ ဂိုးသွင်းယူပေးထားခဲ့ပါတယ်။ ရော်ဘင်ဟိုဟာ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာ စီးတီးအသင်း နဲ့ ဆန်းတို့စ် စတဲ့ အသင်းတွေမှာလည်း ကစားခဲ့ဖူးတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။