မကြာခင်မှာပဲ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာတော့မယ့် အဲရစ်တန်ဟက်ဂ်ဟာ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာတဲအခါ နယ်သာလန် ကစားသမားဟောင်းလည်းဖြစ် ယူနိုက်တက်အသင်းမှာလည်း (၂)ရာသီလောက် ကျင်လည်ခဲ့ဖူးသူလည်းဖြစ်တဲ့ ရော်ဘင်ဗန်ပါစီကို သူရဲ့နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွှက်ပေးဖို့ ကမ်းလှမ်းလာဖွယ် ရှိနေပေမယ့် ဗန်ပါစီဘက်ကတော့ တန်ဟက်ဂ်ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချသွားဖို့သာ ရှိနေတယ်လို့ သိရှိရပါတယ်။

Robin van Persie (centre) has reportedly turned down the chance to be a Man United coach

Photo Credit : Daily Mail

နယ်သာလန် ထိပ်သီးကလပ် အေဂျက်စ်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွှက်နေတဲ့ ဒတ်ချ်လူမျိုး တန်ဟက်ဂ်ဟာ လက်ရှိမှာ ယူနိုက်တက်အသင်းနည်းပြအဖြစ် ကိုင်တွယ်သွားဖို့ အလွန်နီးစပ်နေပြီဖြစ်ပြီး တန်ဟက်ဂ်အနေနဲ့ ယူနိုက်တက်နဲ့ သေချာပေါက် လက်တွဲဖြစ်ချိန်မှာ သူရဲ့နည်းပြအဖွဲ့ထဲ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီး ဗန်ပါစီကိုပါ ထည့်သွင်းသွားဖို့ ချိန်ရွှယ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အသက်(၃၈)နှစ်အရွှယ် ဒတ်ချ်ကစားသမားဟောင်းကြီး ဗန်ပါစီက လက်ရှိမှာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ဖီယင်နုအသင်းအတွက် လက်ထောက်နည်းပြအဖြစ်နဲ့ တိုက်စစ်နည်းပြအဖြစ်နဲ့ပါ တာဝန်ထမ်းဆောင်နေပြီး သူရဲ့လက်ရှိ အလုပ်အကိုင်အပေါ် ပျော်ရွှင်ကျေနပ်နေတဲ့အတွက် ဗန်ပါစီအနေနဲ့ တန်ဟက်ဂ်ရဲ့ ယူနိုက်တက် နည်းပြအဖွဲ့ထဲ ဝင်ရောက်လာနိုင်ခြေက အလွန်နည်းနေရပါတယ်။

But the 38-year-old is reportedly more than happy as a coach at his first club Feyenoord

Photo Credit : Daily Mail

ဒါ့အပြင် ယူနိုက်တက်နဲ့ အာဆင်နယ် ကစားသမားဟောင်းကြီးရဲ့ သားဖြစ်သူကပါ ဖီယင်နုအသင်းရဲ့ လူငယ်အကယ်ဒမီမှာ ပါဝင်ကစားနေပြီဖြစ်လို့ နယ်သာလန်မြေကို စွန့်ခွာပြီး မန်ချက်စတာမှာ ပြန်လည်အမှုထမ်းဖို့က ခက်ခဲနိုင်ဖွယ် ရှိနေရပါတယ်။ ဒါပေမယ့် တန်ဟက်ဂ်ဟာ ဗန်ပါစီကို သူရဲ့နည်းပြအဖွဲ့ဝင်အဖြစ် ခန့်အပ်ဖို့ မလွယ်ကူခဲ့ရင် ယူနိုက်တက်မှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွှက်ခဲ့ဖူးတဲ့ မူလန်စတင်းအပြင် ဖာဂူဆန်နဲ့ရော တန်ဟက်ဂ်နဲ့ပါ လက်တွဲခဲ့ဖူးတဲ့ မက္ကလာရင်တို့ကို ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။ အင်္ဂလန်နည်းပြဟောင်း မက္ကလာရင်ဟာ နယ်သာလန်ကလပ် FCတွမ်တီးအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့စဉ်တုန်းက တန်ဟက်ဂ်ကို သူရဲ့လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ အခုလို ယူနိုက်တက်နည်းပြသစ် ဖြစ်လာတော့မယ့် တန်ဟက်ဂ်ကို လက်ရှိ ယူနိုက်တက်ရဲ့ ယာယီနည်းပြ ရန်းနစ်ကိုယ်တိုင် “ထိပ်တန်းနည်းပြတစ်ဦး” လို့ ချီးမွမ်းပြောဆိုထားခဲ့ပါသေးတယ်။