နယ်သာလန် ထိပ်သီးကလပ် ဖိုင်ယင်နော့အသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်းကြီးတစ်ဦးလည်းဖြစ် လူငယ်အသင်းနည်းပြဟောင်းလည်းဖြစ်တဲ့ ရော်ဘင် ဗန်ပါစီကို လက်ရှိမှာ စီနီယာအသင်းနည်းပြအဖြစ် ခန့်အပ်သွားဖို့အတွက် အလွန် နီးစပ်လျက် ရှိနေပြီလို့ နာမည်ကျော် ဘောလုံးသတင်းထောက် ဒေးဗစ် အွန်စတိန်းက ဖော်ပြလာခဲ့ပါတယ်။

ဖိုင်ယင်နော့ဟာ သူတို့ရဲ့ နည်းပြ အာနေး စလော့ကို လီဗာပူးလ်အသင်းဆီ လက်လွတ်လိုက်ရပြီးနောက်ပိုင်း ဘရိုင်ယန် ပရစ်ခီကို အစားထိုး ခန့်အပ်ခဲ့ပေမယ့် ဒီလထဲမှာပဲ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ပါစကယ် ဘားရှော့တ်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားခဲ့ပါတယ်။

 

Photo Credit : Caught Offside

ပါစကယ် ဘားရှော့တ် လက်ထက်မှာ ရလဒ်ပိုင်း သိပ်မဆိုးလှပေမယ့် အသင်းက အမြဲတမ်းနည်းပြ ရာထူးအတွက် ဟီရန်ဗင်းနည်းပြ ဗန်ပါစီကို ခန့်အပ်သွားဖို့အတွက် စီစဉ်လာခဲ့ပါတယ်။ ဖိုင်ယင်နော့အသင်းမှာ နှစ်ကြိမ်တိုင် ပါဝင်ခဲ့ဖူးတဲ့ ဒတ်ချ် တိုက်စစ်မှူးဟောင်း ဗန်ပါစီဟာ ဖိုင်ယင်နော့အတွက် (၁၂၂)ပွဲကစား (၄၆)ဂိုးသွင်း (၁၆)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဘောလုံးသမားဘဝက အနားယူချိန်မှာလည်း ဖိုင်ယင်နော့အတွက် လက်ထောက်နည်းပြအဖြစ် field coach အဖြစ်တို့အပြင် ယူ-၁၆အသင်းရဲ့ နည်းပြတွေအဖြစ် ဆောင်ရွှက်ခဲ့သလို ယူ-၁၈ နည်းပြအဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။ ဒီရာသီမှသာ နယ်သာလန်ကလပ် ဟီရန်ဗင်းက ဗန်ပါစီကို နည်းပြအဖြစ် တာဝန်ပေး ခန့်အပ်ခဲ့ပါတယ်။

Photo Credit : Metro

ဟီရန်ဗင်းမှာ ဗန်ပါစီက သာမန်လောက်သာ စွမ်းဆောင်နိုင်ခဲ့ပေမယ့် သူရဲ့ ကလပ်ဟောင်း ဖိုင်ယင်နော့ကတော့ အသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ဆောင်ရွှက်ခဲ့ဖူးသူ ဗန်ပါစီကို အသင်းနည်းပြအဖြစ် တာဝန်ပေးသွားဖို့ စီစဉ်လို့နေပြီး ဒီရက်ပိုင်းအတွင်းမှာပဲ သဘောတူညီမှု ရယူသွားနိုင်ဖွယ်လည်း ရှိနိုင်တယ်လို့ သိရပါတယ်။

အသက်(၄၁)နှစ်အရွယ် ဗန်ပါစီဟာ ဟီရန်ဗင်းနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုထားခဲ့ပေမယ့် အခုတော့ အသင်းဟောင်း ဖိုင်ယင်နော့ဆီကို ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေပြီဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်မှာ အဲရစ် တန်ဟက်ဂ်ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် လုပ်ကိုင်ခဲ့သေးတဲ့ ရီနေး ဟာကီကိုလည်း လက်ထောက်နည်းပြအဖြစ် ခန့်အပ်ဖွယ် ရှိနေပါတယ်။