ဒီနှစ်ဘောလုံးရာသီအစမှာ လူကာကူ ဆန်းချက်ဇ်တို့လို တိုက်စစ်ကစားသမားတွေကို လက်လွတ်ခဲ့ရပြီး တိုက်စစ်မှူးသစ်တွေကို ပြန်လည်ခေါ်ယူနိုင်ခဲ့ခြင်းမရှိတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းလိုအပ်ချက်တွေနဲ့ ဒီရာသီမှာ ရလဒ်တိမ်းစောင်းမှုတွေ ဖြစ်ပေါ်ခဲ့လို့ လာမယ့်နှစ်မှာတော့ တိုက်စစ်ပိုင်းကို ပြန်လည်ပြင်ဆင်သင့်နေပြီး ပီအက်စ်ဂျီအသင်းနဲ့ လမ်းခွဲတော့မယ့် ဝါရင့်တိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီလို ကစားသမားမျိုးကို ခေါ်ယူသွားသင့်တယ်လို့ ယူနိုက်တက်ကစားသမားဟောင်း ရော်ဘင်ဗန်ပါစီက တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Harian Terbit

အသက်၃၃နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမား ကာဗာနီဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို အသင်းနဲ့လည်း စာချုပ်သက်တမ်းတိုးဖို့ အစီအစဉ်မရှိတော့တာကြောင့် သူနှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲဲ့ ပီအက်စ်ဂျီနဲ့ လမ်းခွဲရဖို့ သေချာသလောက်ကို ရှိနေပါတယ်။ ဒီလို အသင်းနဲ့ လမ်းခွဲတော့မယ့် ကာဗာနီလို တိုက်စစ်မှူးမျိုးကို ဥရောပအသင်းပေါင်းများစွာကနေ ခေါ်ယူဖို့ အပြိုင်ပစ်မှတ်ထားလို့နေကာ ယူနိုက်တက်အသင်းအနေနဲ့လည်း အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ကာဗာနီကို အရခေါ်ယူင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

Photo Credit : Sportbible

ဗန်ပါစီက ကာဗာနီနဲ့ပတ်သက်ပြီး “အက်ဒီဆင်ကာဗာနီလား။ သူက သေချာပေါက်ကို ခေါ်ယူသင့်တဲ့ ကစားသမားမျိုးပါ။ သူက အခုချိန်ထိကို ကြံခိုင်မှုပြည့်ဝနေသေးတယ်။ ဂိုးသွင်းအားကောင်းသူအဖြစ်လည်း သက်သေပြထားခဲ့သူပါ။ ဂိုးသွင်းစက်ဆိုတာ နာပိုလီ ပီအက်စ်ဂျီနဲ့ ဥရုဂွေးအသင်းတွေမှာ သူသက်သေပြခဲ့ပြီးပါပြီ။ သူသာ ပွဲထွက်ကစားသမားအဖြစ် ကစားရမယ်ဆိုရင် တစ်ရာသီမှာ သွင်းဂိုး၂၅ဂိုးလောက်ရဖို့ အလွယ်လေးပါ။ ကျွန်တော် သူကစားတာကို မကြာခဏ ကြည့်ထားဖူးပါတယ်။ သူနဲ့လည်း ပြိုင်ဘက်တွေ ကစားခဲ့ဖူးပါတယ်။ သူက ဂိုးတွေသွင်းယူဖို့ အသက်ဆက်နေတဲ့သူပါ။ ဒါကြောင့် ယူနိုက်တက်အနေနဲ့ သူ့ကိုခေါ်ယူသင့်တာပါ” လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ ကာဗာနီဟာ မကြာသေးခင်ကမှ ပီအက်စ်ဂျီအသင်းအတွက် ဂိုးပေါင်းနှစ်ရာပြည့်ထားခဲ့တာဖြစ်ပြီး အသင်းရဲ့အမြဲတမ်းဂိုးသွင်းအများဆုံးသူအဖြစ် သတ်မှတ်ခံထားရပါတယ်။