အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ နယ်သာလန်တိုက်စစ်မှူးဟောင်းကြီး ရော်ဘင်ဗန်ပါစီက သူအနေနဲ့ အာဆင်နယ်အသင်းမှာ ပါဝင်ကစားနေစဉ်အတွင်း အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားတောင့်တင်းနေစေဖို့အတွက် ဂျုဗင်တပ်စ်အသင်းရဲ့ အီတလီနောက်ခံလူကြီး ချီလီနီကို ခေါ်ယူပေးဖို့အတွက် အသင်းနည်းပြကြီး အာဆင်ဝင်းဂါးကို တောင်းဆိုခဲ့ဖူးကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Express

ဘောလုံးသမားဘဝကနေ အနားယူလိုက်ပြီဖြစ်တဲ့ နယ်သာလန်လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမားကြီး ဗန်ပါစီဟာ ၂၀၀၄ခုနှစ်ကမှ ဖီယင်နော့အသင်းကနေ အာဆင်နယ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ (၈)ရာသီလောက်အထိကို ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ ဗန်ပါစီဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ(၂၇၈)ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး (၁၃၂)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပေမယ့် သူရဲ့အာဆင်နယ်ကစားသမားဘဝအတွင်းမှာ အသင်းနဲ့အတူ ပိုင်ဆိုင်ခဲ့တဲ့ ဆုဖလားကတော့ အက်အေဖလားတစ်လုံးပဲ ရှိခဲ့ရပါတယ်။

Photo Credit : Triba Football

အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအပြင် တခြားသော ဆုဖလားတွေများစွာကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကစားသမားသစ် ဖြည့်တင်းရာမှာ အီတလီနောက်ခံကစားသမား ချီလီနီကို ခေါ်ယူဖို့ နည်းပြဝင်းဂါးကို အကြံပြုတိုက်တွန်းခဲ့တယ်လို့ ဗန်ပါစီက ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ ဗန်ပါစီဟာ “အာဆင်နယ်မှာ ရှိနေစဉ်တုန်းက အသင်းအနေနဲ့ လိဂ်ချန်ပီယံဆုကို ရယူဖို့အတွက် ဘာတွေလုပ်ဆောင်ဖို့ လိုအပ်နေလဲဆိုတာကို ကျွန်တော်မြင်တွေ့ခံစားမိရတဲ့အပေါ်မှာ အခြေခံပြီး ပြောဆိုဖြစ်ခဲ့ပါတယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့တွေအနေနဲ့ အနိုင်ရယူစိတ်တွေ လျော့ပါးနေတယ်လို့ ထင်မိပါတယ်။ ဒါကြောင့် စိတ်ဓါတ်ပိုင်းမှာ အရမ်းသန်မာလှတဲ့ ချီလီနီကို အသင်းဆီ ခေါ်ယူပေးဖို့ အာဆင်ဝင်းဂါးကို ကျွန်တော်တောင်းဆိုခဲ့ပါတယ်။ ကျွန်တော် သူနဲ့လည်း မကြာခဏ ရင်ဆိုင်ခဲ့ဖူးပါတယ်။ သူက တကယ့်ကို ပါရမီရှင်တစ်ယောက်ပါ။ သင်တို့လည်း သူရဲ့ခြေစွမ်းတွေကို နယ်သာလန်အသင်းနဲ့ ကစားခဲ့တဲ့ UEFA Nations League ပွဲမှာ မြင်တွေ့နိုင်ပါတယ်။ သူက အခုဆို (၃၆)နှစ်တောင် ရှိနေပြီ။ ဒါပေမယ့် သူက အခုထိ ပွဲတိုင်းနီးပါးကို အာရုံစိုက်ကစားနိုင်တဲ့အပြင် ကစားနေရင်းနဲ့လည်း အမြဲတမ်းပြုံးနေတတ်တယ်။ သင်တို့အနေနဲ့ ဒီလိုပုံစံမျိုးရှိတဲ့ နိုင်ပွဲရှာသူ ဒါမှမဟုတ် ပွဲကိုအဆုံးအဖြတ်ပေးနိုင်သူကို သင်တို့ရဲ့အသင်းအတွက် အလိုရှိကြမှာပါ။ ကျွန်တော်ကတော့ အသင်းအနေနဲ့ သူ့ကို ခေါ်ယူခဲ့သင့်တယ်လို့ ထင်မိပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။