ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ အဓိက ဘယ်နောက်ခံလူ ရော်ဘတ်ဆန်ဟာ ဘီလ်ဘာအိုအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အချိန်အနည်းငယ် အနားယူရတော့မယ် လို့ သိရပါတယ်။

အသက် ၂၇နှစ် အရွယ် စကော့တလန် လက်ရွေးစင် အသင်းခေါင်းဆောင် ရော်ဘတ်ဆန်ဟာ လီဗာပူးအသင်းရဲ့ မရှိမဖြစ် ကစားသမားတွေထဲက တဦး ဖြစ်ပြီး အသင်းရဲ့ တိုက်စစ်ဆင်မှုတွေ အတွက် အရေးပါတဲ့ ဖြတ်တင်ဘောတွေ ပေးပို့နိုင်သလို ခံစစ်ကြောင်းကိုလည်း ဦးဆောင်နိုင်စွမ်း ရှိသူပါ။

Photo Credit: Tribuna

ရော်ဘတ်ဆန်ဟာ လီဗာပူးအသင်းနဲ့ ဘီလ်ဘာအိုအသင်းတို့ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ခြေစမ်းပွဲမှာ ညာဘက် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တာကြောင့် ပွဲကစားချိန် ၄၆မိနစ်မှာပဲ ပွဲအတွင်း ကနေ ထွက်ခွာခဲ့ရသူ တဦး ဖြစ်ပြီး သူ့ရဲ့ ခြေကျင်းဝတ် ဒဏ်ရာဟာ အနည်းငယ် ပြင်းထန်မှု ရှိခဲ့ပါတယ်။

ဒါကြောင့်ပဲ လီဗာပူးအသင်းဟာ ချက်ချင်းဆိုသလို ရော်ဘတ်ဆန်ရဲ့ ခြေကျင်းဝတ်ဒဏ်ရာကို ကုသမှုတွေ စတင်ခဲ့ပြီး ကာလရှည် အနားမယူရဖို့ အတွက် ကြိုးစားခဲ့ကာ လက်ရှိမှာတော့ ဒဏ်ရာရဲ့ အခြေအနေဟာ ထင်ထားသလောက် ပြင်းထန်မှု မရှိပဲ နေ့စဉ် ကုသမှုတွေကိုတော့ ဆက်လက် လုပ်ဆောင်ရမယ်လို့ ရော်ဘတ်ဆန်က ပရိသတ်တွေကို အသိပေးသွားပါတယ်။

Photo Credit: Tribuna

သူ့ရဲ့ ခြေကျင်းဝတ်ဒဏ်ရာနဲ့ ပတ်သတ်ပြီး ရော်ဘတ်ဆန်က – “ကျွန်တော့်ဆီကို ဂရုတစိုက်နဲ့ အားပေးစကား ပြောကြားခဲ့တဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ စစ်ဆေးမှုအရ ဒဏ်ရာက အရမ်းကြီး ပြင်းထန်တာမျိုး မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် အရွတ်ဒဏ်ရာ တချို့တော့ ရခဲ့ပါတယ်။ ကျွန်တော် နေ့တိုင်း အရွတ်ဆက်တဲ့ ကုသမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပြီး အသင်းကို အမြန်ဆုံး ကူညီနိုင်အောင် ကြိုးစားနေပါတယ်” လို့ ဖွင့်ဟ ပြောပြခဲ့တာပါ။

ရော်ဘတ်ဆန်ရဲ့ ဒဏ်ရာဟာ ပြင်းထန်မှု မရှိခဲ့ပေမယ့် အရွတ်ကို ထိခိုက်ခဲ့တာကြောင့် ရေရှည်မှာ အလားတူ ဒဏ်ရာမျိုး မဖြစ်အောင် ကုသမှုတွေ ပြုလုပ်ရဖို့ ရှိတာကြောင့် အနည်းဆုံး ၂ပတ် ဝန်းကျင် အနားယူရဖွယ် ရှိကာ လီဗာပူးအသင်းရဲ့ ရာသီအစ ပွဲစဉ်တချို့ကို လွဲချော်ရတော့မှာပါ။