ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု(A) ပွဲစဉ်တပွဲ ဖြစ်တဲ့ နာပိုလီနဲ့ လီဗာပူးတို့ရဲ့ ပွဲမှာတော့ အီတလီ စီးရီးအေ နာမည်ကြီးကလပ် နာပိုလီက အိမ်ကွင်းမှာ ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

နေပယ်လ်မြို့မှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အိမ်ရှင် နာပိုလီက ပွဲစပွဲဆုံး ဧည့်သည် လီဗာပူးထက် ပိုကောင်းတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့ကာ လီဗာပူးကတော့ မီလ်နာ ၊ အီလိယက်နဲ့ ဖာဘင်ဟိုတို့ ကွင်းလယ်အတွဲရဲ့ ဆိုးဝါးလှတဲ့ ခြေစွမ်းတွေကြောင့် နာပိုလီကို ယှဉ်မကစားနိုင်ခဲ့ပဲ ပထမပိုင်းမှာတင် ပေးဂိုး ၃ဂိုး အထိ ခွင့်ပြုခဲ့ရပါတယ်။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ နာပိုလီ အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၅မိနစ်နဲ့ ၄၇မိနစ်တို့မှာ ဇီလင်စကီး ၊ ပွဲကစားချိန် ၃၁မိနစ်မှာ အန်ဂွစ်စ်စာနဲ့ ပွဲကစားချိန် ၄၄မိနစ်မှာ လူစားဝင် တိုက်စစ်မှူး ဆီမြွန်နီတို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး လီဗာပူးအတွက် တလုံးထဲသော သိက္ခာဆည် ချေပဂိုးကိုတော့ ပွဲကစားချိန် ၄၉မိနစ်မှာ တောင်ပံတိုက်စစ် ကစားသမား ဒီယက်ဇ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

နာပိုလီ ၄-၁ လီဗာပူး ပွဲစဉ်မှာ လီဗာပူးရဲ့ ခြေစွမ်းဟာ နောက်ဆုံး ၃နှစ် အတွင်း အဆိုးဝါးဆုံး ခြေစွမ်းလို့ ပြောရလောက်တဲ့ အထိ အတော်လေးကို ဆိုးရွားခဲ့ပြီး လီဗာပူးရဲ့ အဓိက ဘယ်နောက်ခံလူ ရော်ဘတ်ဆန်ကလည်း သူတို့အသင်းရဲ့ ခြေစွမ်းဟာ အလွန် ဆိုးဝါးခဲ့ကြောင်း ဝန်ခံခဲ့သလို သူတို့က နာပိုလီကို ထိုက်ထိုက်တန်တန် ရှုံးနိမ့်ခဲ့ရတာပါလို့လည်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

ရော်ဘတ်ဆန်က – “ကျွန်တော်တို့ရဲ့ ခံစစ်ကြောင်းမှာ ယိုပေါက်တွေ ၊ နေရာလွတ်တွေ အများကြီးကို ရှိနေခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ကစားပုံကလည်း ကျစ်လျစ်မှု မရှိပါဘူး။ တဖက်အသင်းက ကျွန်တော်တို့ထက် အဆပေါင်းများစွာ ကောင်းခဲ့တယ် ဆိုတာ အမှန်တရားပါပဲ။ သူတို့တွေက နေရာလွတ်တွေ အများကြီး ရခဲ့ပါတယ်။ ၂ယောက် ၂ယောက်ချင်း ၊ ၃ယောက် ၃ယောက်ချင်း ရင်ဆိုင်ရတဲ့ အချိန်တွေမှာ ကျွန်တော်တို့ ခံစစ်မှူးတွေက တယောက်နဲ့ တယောက်ကြားမှာ အခုလိုမျိုး အရမ်းကြီး ဝေးနေလို့ မရပါဘူး။ ကျွန်တော်တို့တွေ အခြေခံကျတဲ့ အရာတွေကို ပြန်လည် သင်ယူသင့်နေပါပြီ။ ပွဲရဲ့ အခြေအနေကို ကြည့်လိုက်ရင် သူတို့က လူတယောက် အသာစီး ရနေသလို ကစားသွားနိုင်ခဲ့တာပါ။ ကျွန်တော်တို့ကတော့ သူတို့လို မကစားနိုင်ခဲ့ပါဘူး။ ဒီလိုပွဲမျိုးမှာ နိုင်ချင်ရင် ကျွန်တော်တို့တွေက တိုက်ပွဲဝင်စိတ် ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ဖို့ ထိုက်တန်ခဲ့သူတွေပါ။ ကျွန်တော်တို့တွေ ဒီလို အခြေအနေဆိုး ကနေ ခပ်မြန်မြန်ပဲ ရုန်းထွက်နိုင်ဖို့ လိုနေပါပြီ” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။