ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးအသင်းရဲ့ အဓိက နောက်ခံလူလည်းဖြစ် စကော့တလန် အသင်းရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ရော်ဘတ်ဆန်ကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ စကော့တလန်အသင်းတို့ရဲ့ ပွဲစဉ်မှာ အကောင်းဆုံး ကစားသမားဆုကို ရခဲ့တဲ့ အသင်းရဲ့ လူငယ် ကွင်းလယ်ကစားသမား ဖြစ်သူ ဘီလီ ဂေးလ်မားဟာ ကြီးမားတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ ကစားသမား ဖြစ်ကြောင်း ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။ အသက် ၂၀ အရွယ် ချယ်လ်ဆီးအသင်းရဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်လူ ဂေးလ်မားဟာ အင်္ဂလန်အသင်းနဲ့ ပွဲစဉ်မှာ Double Pivot နေရာ ကနေ ကစားသွားခဲ့ပြီး အင်္ဂလန်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းဆီ ဘောလုံးတွေ မရောက်အောင် ဟန့်တားနိုင်ခဲ့သလို စကော့တလန်အသင်းရဲ့ တိုက်စစ်ဆင်မှု တချို့ကိုလည်း စတင် ပေးနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

အင်္ဂလန်အသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ဂေးလ်မားဟာ မက်ဂရီဂေါ် ၊ မက်ကင်း စတဲ့ ကစားသမားနှစ်ဦးနဲ့ တွဲဖက်ကာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၇၆မိနစ်မှာတော့ နောက်ထပ် ကွင်းလယ်လူ တဦး ဖြစ်တဲ့ အမ်းစထရောင်းနဲ့ လူစားလဲခဲ့ရပါတယ်။ ဂေးလ်မားရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ စကော့တလန်အသင်းဟာ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ လိုအပ်တဲ့ ရမှတ် ၁မှတ်ကို စုဆောင်းနိုင်ခဲ့တာ ဖြစ်ပြီး အကယ်၍ အုပ်စု နောက်ဆုံးပွဲစဉ် အဖြစ် ကစားရမယ့် ခရိုအေးရှားအသင်းနဲ့ ပွဲစဉ်မှာသာ အနိုင်ရလဒ် ရရှိခဲ့ပါက စကော့တလန် အသင်းဟာ ၁၆သင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ အခြေအနေ ကောင်းသွားမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ စကော့တလန်အသင်းရဲ့ အသင်းခေါင်းဆောင် ရော်ဘတ်ဆန်က ဂေးလ်မားရဲ့ ခြေစွမ်းပိုင်းကို ချီးကျူး သွားခဲ့တာပါ။

Photo Credit: The Sun

ဂေးလ်မားရဲ့ အရည်အချင်းနဲ့ ပတ်သတ်ပြီး ရော်ဘတ်ဆန်က – “တကယ်ကို ကောင်းမွန်တဲ့ လူငယ်တဦးပါ။ ဒီနေ့ ဟော်တယ်မှာ သူနဲ့ကျွန်တော် စကားပြောဖြစ်ခဲ့ပါတယ်။ ပြီးတော့ ကွင်းထဲမှာလည်း ခင်ဗျားတို့ သူ့ကို မြင်ခဲ့ရတာပဲ။ ဘယ်အရာကမှ ဘီလီ (ဂေးလ်မား)ကို ကြောက်အောင် မလုပ်နိုင်ပါဘူး။ ဒါကြောင့်ပဲ သူ့အနေနဲ့ စကော့တလန်အသင်းမှာ သူ ကစားချင်တဲ့ ပွဲအရေအတွက် အတိုင်း ကစားနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့မှာ ကြီးမားတဲ့ အနာဂတ် ရှိပါတယ်။ ဒါပေမယ့် အခုချိန်မှာလည်း သူ့ရဲ့ စွမ်းဆောင်ရည်က တကယ်ကို ကောင်းပါတယ်။ ဒီနေ့ သူရော ဗဟိုကွင်းလယ်နေရာမှာ ကစားခဲ့တဲ့ မက်ဂရီဂေါ်ရော နှစ်ယောက်စလုံးက အရမ်းကို ကောင်းခဲ့ပါတယ်” လို့ ချီးကျူးသွားပါတယ်။