ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ အဓိက ဘယ်နောက်ခံလူ ရော်ဘတ်ဆန် ကတော့ သူတို့အသင်းဟာ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရန့်ဖို့ဒ်အသင်းကို အနိုင်ရကာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပေမယ့် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးအသင်းကို လိုက်မှီဖို့ ခက်ခဲနေပြီလို့ ဝန်ခံသွားခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ဟာ ယခုနှစ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းနှစ်သင်း ဖြစ်ပေမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ ပြီးဆုံးချိန်မှာတော့ နှစ်သင်းကြားမှာ ရမှတ် ၁၁မှတ် အထိ ကွာဟနေပါတယ်။

Photo Credit: Daily Mail

ဒါပေမယ့် မန်ချက်စတာ စီးတီးအသင်းက ၂၂ပွဲစလုံး အပြည့် ကစားထားချိန်မှာ လီဗာပူးအသင်းက ၂၁ပွဲသာ ကစားထားရတာကြောင့် လက်ကျန် ပွဲစဉ်တပွဲမှာသာ လီဗာပူးအသင်းက ရလဒ်ကောင်း ရယူနိုင်ခဲ့ရင် ရမှတ် ၈မှတ်သာ ကွာဟတော့မှာပါ။

ဒါကြောင့်ပဲ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးအသင်းရဲ့ လိဂ်ချန်ပီယံ အိမ်မက်ကို ဖျက်ဆီးပစ်နိုင်တဲ့ အသင်းဟာ လီဗာပူးအသင်း တသင်းထဲသာ ရှိကြောင်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြတာ ဖြစ်ပြီး လီဗာပူးအသင်းရဲ့ ဘယ်နောက်ခံလူ ရော်ဘတ်ဆန် ကတော့ သူတို့အသင်း အနေနဲ့ မန်ချက်စတာ စီးတီးအသင်းကို လိုက်မှီဖို့က မလွယ်ကူတော့ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Daily Mail

ရော်ဘတ်ဆန်က – “မန်ချက်စတာ စီးတီးအသင်းက ပရီးမီးယားလိဂ် သမိုင်းမှာ အကောင်းဆုံး အသင်းတွေထဲက တသင်းပါ။ အခုချိန်မှာ ကျွန်တော်တို့က သူတို့နဲ့ ကျွန်တော်တို့ရဲ့ ကြားမှာ ရှိနေတဲ့ ကွာဟချက်ကို လျှော့ချထားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ နိုင်ပွဲတွေကို တောက်လျှောက် ရယူနိုင်ဖို့ လိုအပ်နေပါသေးတယ်။ ကျွန်တော်တို့ နှစ်သင်းကြားမှာ ရှိနေတဲ့ ရမှတ် ကွာဟချက်က အတော်လေးကို ကြီးမားနေပါတယ်။ ပြီးတော့ ကျွန်တော်တို့က အကောင်းဆုံး အသင်းတွေထဲက တသင်းနဲ့ ရင်ဆိုင်နေရတာပါ။ ဒါကြောင့် သူတို့ကိုသာ လိုက်မှီချင်ရင် ရမှတ်တွေကို ရသလောက် စုဆောင်းနိုင်ဖို့ လိုအပ်နေပါပြီ” လို့ ဖွင့်ဟ ပြောပြသွားခဲ့တာပါ။