ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက ဘယ်နောက်ခံလူ ရော်ဘတ်ဆန်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ၃၂သင်းအဆင့် ပွဲစဉ်မှာ ဘရိုက်တန်ကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် သူတို့အသင်းရဲ့ ခြေစွမ်းဟာ အဆိုးဆုံး အနေအထားကို ရောက်နေပါပြီလို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖလား ၄လုံး အောင်မြင်မှုကို ရယူနိုင်ဖို့ နီးစပ်ခဲ့တဲ့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာတော့ အဓိက ကစားသမားတွေ ဒဏ်ရာရမှု ၊ အားကိုးရတဲ့ ကစားသမားတွေ ခြေစွမ်းကျဆင်းမှုတို့ကြောင့် ရလဒ်တွေ ဆိုးဝါးနေပါတယ်။

Photo Credit: Sky Sports

လီဗာပူးက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံ မဖြစ်နိုင်တော့သလို ကာရာဘောင်းပြိုင်ပွဲမှာလည်း ၁၆သင်းအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာကြောင့် ဆုဖလား တလုံး ရယူနိုင်ဖို့ အတွက် အက်ဖ်အေဖလားပြိုင်ပွဲဟာ သူတို့အတွက် နောက်ဆုံး မျှော်လင့်ချက်လို ဖြစ်ခဲ့ပေမယ့် အက်ဖ်အေဖလားပြိုင်ပွဲမှာပါ ဘရိုက်တန်ကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြန်ပါတယ်။

အက်ဖ်အေဖလားပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရမှုကြောင့်ပဲ လီဗာပူးဟာ ဆုဖလား မျှော်လင့်ချက် အဖြစ် ချန်ပီယံလိဂ် ဆုဖလားကိုသာ မျှော်လင့်ခွင့် ရှိတော့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးက လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံနေကာ သူတို့ရဲ့ လက်ရှိခြေစွမ်းနဲ့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူဖို့ ဆိုတာဟာ အတော်လေးကို ခက်ခဲပါလိမ့်မယ်။

Photo Credit: Sky Sports

ဘရိုက်တန် ၂-၁ လီဗာပူး ပွဲအပြီးမှာတော့ လီဗာပူးရဲ့ အဓိက ဘယ်နောက်ခံလူ ရော်ဘတ်ဆန်က သူတို့ဟာ ယခင်နှစ်ရဲ့ ခြေစွမ်းကို ဘယ်လိုမှ လိုက်မမှီတော့ကြောင်း ဝန်ခံခဲ့သလို သူတို့ရဲ့ ခြေစွမ်းက အဆိုးဆုံး အနေအထား တရပ်ကို ရောက်နေပြီလို့ ဆိုလာပါတယ်။

ရော်ဘတ်ဆန်က – “ကျွန်တော်တို့ရဲ့ ဒီရာသီ ခြေစွမ်းပိုင်းက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။ ကျွန်တော်တို့က ဒီရာသီ အစမှာ လန်းဆန်းမှုတွေနဲ့ ရလဒ်ကောင်းတွေ ရယူချင်ခဲ့ပေမယ့် ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ကျွန်တော်တို့က အဆိုးဆုံး အနေအထားကို ရောက်နေပါပြီ။ လိဂ်ပြိုင်ပွဲမှာ ကျွန်တော်တို့ရဲ့ အနေအထားက မကောင်းသလို အခုဆိုရင် ဖလားပြိုင်ပွဲ ၂ခုစလုံး ကနေပါ ထွက်ခဲ့ရပြန်ပါပြီ” လို့ ငြီးတွားသွားခဲ့တာပဲ ဖြစ်ပါတယ်။