လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံလူ ရော်ဘတ်ဆန်က လက်ရှိရာသီမှာလည်း ပရီးမီးယားလိဂ် ဖလားကို ရယူပြီး လီဗာပူးလ်အသင်းကို သံသယဝင်နေကြတဲ့ သူတွေကို သက်သေပြပေးမယ်လို့ ချဲလ်ဆီးအသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဘယ်အစွန် နောက်ခံလူ ရော်ဘတ်ဆန်ဟာ လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ်မှာ ဟူးလ်စီးတီးအသင်းကနေ လီဗာပူးလ်အသင်းကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် (၈) သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အခု လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ် ဖလား နဲ့ ပရီးမီးယားလိဂ် ဖလားတို့ကို ရရှိထားပြီးပြီ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ လွန်ခဲ့တဲ့ (၂၀၁၈-၁၉) ရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို အသင်းရဲ့ သမိုင်း တစ်လျှောက်မှာ (၆) ကြိမ်မြောက် ရရှိနိုင်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ (၂၀၁၉-၂၀) ရာသီမှာ ပရီးမီးယားလိဂ် ဖလားကို အသင်းရဲ့ သမိုင်း တစ်လျှောက် ပထမဆုံး ရရှိနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ဆက်ထိန်းဖို့ ကစားသွားရမှာ ဖြစ်ပြီး အသင်းရဲ့ဘယ်နောက်ခံလူ ရော်ဘတ်ဆန်ကတော့ လက်ရှိရာသီမှာလည်း ပရီးမီးယားလိဂ် ဆုဖလားကို ဆက်ထိန်းသွားမယ်လို့ ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မတိုင်ခင် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

ရော်ဘတ်ဆန်က “ရာသီတိုင်းမှာ ကျွန်တော်တို့ မေးခွန်းထုတ်ခံရတယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ရှုံးခဲ့စဉ်က လူတိုင်းက သူတို့ ပြန်လာနိုင်ပါ့မလား၊ ဒါက ကြိုးစားဖို့ လိုအပ်နေသေးတာလားလို့ တွေးခဲ့ကြပါတယ်။ ကျွန်တော်တို့ နောက်ရာသီ ကစားတော့ ချန်ပီယံလိဂ် ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ဖလားကို ရလုနီးပါး ဖြစ်ခဲ့ပါတယ်။ အဲဒါတောင်မှ လူတွေက သူတို့ မန်စီးတီးကို ဒီနှစ် အနိုင်မရမှတော့ ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ဘူးလို့ ပြောခဲ့ကြတယ်။ နောက်ရာသီမှာ ကျွန်တော်တို့ လိဂ်ဖလား ရယူပြီး သက်သေပြခဲ့ပါတယ်။ အခု သံသယရှိသူတွေ ရှိနေပြန်ပါပြီ။ သေချာတာပေါ့။ ကျွန်တော်တို့ ပြန်ယူပါမယ်။ အခြားအသင်းကို အားပေးတဲ့ သူတွေ ရှိပြီး ဒီဟာက ပြိုင်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ တကယ်လို့ ကျွန်တော်တို့က ဖျက်မြင်းအဆင့်သာ  ရှိတဲ့ အသင်း ဆိုရင် ဖျက်မြင်းအသင်း အဖြစ် ကစားသွားရုံပါပဲ”လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၁) မှာ လိဒ်ယူနိုက်တက်အသင်းနဲ့ ကစားခဲ့စဉ်က ပေးဂိုး (၃) ဂိုး ခွင့်ပြုခဲ့ရပေမယ့်လည်း (၄-၃) ရလဒ်နဲ့ အနိုငရရှိခဲ့ပြီး ယခုအပတ်မှာတော့ တနင်္ဂနွေနေ့ညမှာ ချဲလ်ဆီးအသင်းနဲ့ ကစားသွားရမှာပဲ ဖြစ်ပါတယ်။