ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးနဲ့ စကော့တလန်တို့ရဲ့ အဓိက ဘယ်နောက်ခံလူ ရော်ဘတ်ဆန်က ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ စပိန် ၂-၀ စကော့တလန် ပွဲစဉ်မှာ ပခုံးအဆစ် ပြုတ်သွားတာကြောင့် ကာလရှည် အနားယူရနိုင်တယ်လို့ သိရှိရပါတယ်။

စကော့တလန် အသင်းခေါင်းဆောင် ရော်ဘတ်ဆန်က စပိန်နဲ့ စကော့တလန် ပွဲစဉ်မှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခဲ့သလို ဒဏ်ရာမရခင်အချိန် အထိ ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ရော်ဘတ်ဆန်က မက်ကန်နာ ၊ ဟန်ဒရီ ၊ ပေါတီအို့စ် ၊ ဟစ်ကီ စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ စကော့တလန်ရဲ့ ခံစစ်ကြောင်းကို တာဝန်ယူ ကစားခဲ့တာ ဖြစ်ပြီး သူက ပွဲချိန် ၄၃မိနစ်မှာ စပိန်ဂိုးသမား ဆိုင်မွန်နဲ့ ဘောလုံးယှဉ်လုရင်း အကျမတော်ဖြစ်ကာ ပခုံးဒဏ်ရာ ရသွားခဲ့ပါတယ်။

ရော်ဘတ်ဆန်က ဘောလုံးယှဉ်လုရင်း မြေပြင်ပေါ် လဲကျသွားချိန်မှာ ဆိုင်မွန်က ရော်ဘတ်ဆန်ရဲ့ ပုခုံးကို ဖိမိသွားခဲ့တာ ဖြစ်ပြီး အဆိုပါ ထိခိုက်မှုကြောင့် ရော်ဘတ်ဆန်ရဲ့ ပုခုံးအဆစ် ပြုတ်သွားခဲ့တယ်လို့ စကော့တလန်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

Photo Credit: Euro Sports

စကော့တလန်ရဲ့ နည်းပြချုပ် ဖြစ်သူ ကလက်ခ်ကတော့ ရော်ဘတ်ဆန်ရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး အခုလို ပြောလာပါတယ်။ ကလက်ခ်က – “ကျွန်တော်တို့က သူ့ကို လူစားလဲဖို့ ချက်ချင်းပဲ ဆုံးဖြတ်ခဲ့တာပါ။ ရော်ဘတ်ဆန်က သူ့အသင်းဆီ ပြန်ပါလိမ့်မယ်။ ပြီးတော့ သူတို့က လိုအပ်တဲ့ ဆေးစစ်မှုတွေလည်း ချက်ချင်း လုပ်ပါလိမ့်မယ်။ ရော်ဘတ်ဆန်ရဲ့ ပခုံးမှာ ဒဏ်ရာရသွားတာပါ။ ကျွန်တော်တို့ရဲ့ ဆေးအဖွဲ့က သူ့ရဲ့ ဒဏ်ရာကို ကုသမှု တချို့တော့ လုပ်ပေးထားပါတယ်” လို့ ပြောဆိုသွားခဲ့တာပါ။

လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တချို့ကတော့ ရော်ဘတ်ဆန်ဟာ ပုခုံးအဆစ် ပြုတ်သွားတာကြောင့် အနည်းဆုံး ၂လ ကနေ အများဆုံး ၃လ ဝန်းကျင် အထိ အနားယူရနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။