ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက ဘယ်နောက်ခံလူ ရော်ဘတ်ဆန်ဟာ မကြာသေးမီကပဲ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ဒဏ်ရာရသွားတာကြောင့် ၃ပတ် ဝန်းကျင် အထိ အနားယူရတော့မယ်လို့ လီဗာပူးနည်းပြ ယာဂင် ကလော့ပ်က မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားမယ့် အေဂျက်နဲ့ ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို အင်တာဗျူးမှာ အတည်ပြုသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် စကော့တလန် လက်ရွေးစင် အသင်းခေါင်းဆောင် ရော်ဘတ်ဆန်က လီဗာပူးရဲ့ အဓိက ကစားသမားတွေထဲက တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ သူက လီဗာပူး အတွက် ပြိုင်ပွဲစုံမှာ ၈ပွဲ ပါဝင် ကစားပေးခဲ့ရာ ဂိုးဖန်တီးမှု ၃ကြိမ် အထိ ပြုလုပ်နိုင်ခဲ့သူပါ။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ရော်ဘတ်ဆန်ဟာ ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးရဲ့ ခြေစွမ်း အကောင်းဆုံး ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်လို့ ရပြီး ရော်ဘတ်ဆန်ရဲ့ ပေါက်ကွဲအား ကောင်းတဲ့ ကစားပုံနဲ့ တိကျတဲ့ ဖြတ်တင်ဘောတွေကြောင့် သူဟာ လီဗာပူးရဲ့ ခံစစ်ကြောင်း အတွက် သာမကပဲ တိုက်စစ်အတွက်ပါ အရေးပါတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

တဖက်မှာတော့ လီဗာပူးက ချန်ပီယံလိဂ် အဖွင့်ပွဲ အဖြစ် နာပိုလီကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ထားတာကြောင့် အိမ်ကွင်း အန်ဖီးလ်မှာ အေဂျက်ကို ဧည့်ခံကစားရမယ့် ပွဲဟာ လီဗာပူးအတွက် ရလဒ်ကောင်း ရယူနိုင်ဖို့ အရေးပါတဲ့ ပွဲတပွဲ ဖြစ်ပြီး ကလော့ပ်ကတော့ သူတို့အတွက် အရေးပါတဲ့ အေဂျက်နဲ့ပွဲကို ရော်ဘတ်ဆန် တယောက် ဒဏ်ရာကြောင့် လွဲချော်တော့မယ်လို့ ဝမ်းနည်းစွာနဲ့ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

 

Photo Credit: Sky Sports

ကလော့ပ်က – “ရော်ဘိုက (ရော်ဘတ်ဆန်) ဒဏ်ရာတခု ရခဲ့ပါတယ်။ သူက ဒဏ်ရာကြောင့် နောက်တနေ့ အထိ နာကျင်နေခဲ့ပါတယ်။ ဒါကြောင့် အခုတော့ သူက အနားယူရပါတော့မယ်။ သူက နိုင်ငံတကာပွဲတွေ ပြီးမှပဲ အသင်းအတွက် ပြန်ကစားပေးနိုင်လိမ့်မယ်” လို့ ရော်ဘတ်ဆန်ရဲ့ ဒဏ်ရာပြဿနာ အကြောင်းကို ပရိသတ်တွေ သိအောင် ပြောပြသွားခဲ့တာပါ။