MySport Myanmar

အသက်လက်တီကိုအသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ ရောဘတ်ဆန်

လာလီဂါထိပ်သီးကလပ် အက်တလက်တီကို မက်ဒရစ်အသင်းဟာ ၂၀၂၅ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာ အက်တလတီကို မက်ဒရစ်နည်းပြ ဒီယေဂို ဆီမြွန်နီဟာ အသင်းရဲ့လက်ရှိဘယ်နောက်ခံလူတွေဖြစ်တဲ့ ဟာဗီ ဂါလန် နဲ့ ရိုင်နေးလ်ဒို မန်ဒါဗာတို့ရဲ့ ခြေစွမ်းတွေကို သိပ်သဘောမကျတာကြောင့် အရည်အသွေးမြင့် ဘယ်နောက်ခံလူတစ်ဦးကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit : Football Insider

အစပိုင်းမှာ အေစီမီလန်အသင်းက သီယို ဟာနန်ဒက်ဇ်ကို စိတ်ဝင်စားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လီဗာပူးလ်ရဲ့ စကော့တလန် အသင်းခေါင်းဆောင် အန်ဒီ ရော်ဘတ်ဆန်ကို သူတို့ရဲ့ နံပါတ်တစ်ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အခုဆိုရင် ဒီအပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့ အခွင့်အလမ်းတွေက ပိုမိုမြင့်တက်လာခဲ့ပါပြီ။

စပိန်သတင်းစာ Diario AS ရဲ့ ဖော်ပြချက်အရ ရော်ဘတ်ဆန်ဟာ အက်တလက်တီကိုအသင်းဆီ ပြောင်းရွှေ့ဖို့အတွက် သူ့ဘက်က သဘောတူညီမှု ပေးခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် အပြောင်းအရွှေ့ အပြီးသတ်ဖို့အတွက် လီဗာပူးလ်အသင်းနဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းဖို့သာ ကျန်ရှိတော့တဲ့ အခြေအနေဖြစ်ပါတယ်။

Photo Credit : The Empire of the Kop

သတင်းတွေအရ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းဟာ ရော်ဘတ်ဆန်ကို လက်လွှတ်ဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၅ သန်း ဝန်းကျင်သာ တောင်းဆိုဖွယ်ရှိနေပါတယ်။ ဒါ့အပြင် လီဗာပူးလ်ဟာ သူ့နေရာကို အစားထိုးဖို့အတွက် ဘုန်းမောက်အသင်းရဲ့ ဘယ်နောက်ခံလူ မီလော့စ် ကာကက်ဇ် ကို ခေါ်ယူဖို့ သေချာသလောက် ရှိနေပြီလို့လည်း သိရပါတယ်။

ရော်ဘတ်ဆန်ဟာ အက်တလက်တီကို မက်ဒရစ်အတွက် အရည်အသွေးမြင့် ခေါ်ယူမှုတစ်ခုဖြစ်လာမှာ သေချာပါတယ်။ သူ့ရဲ့ကစားဟန် အနိုင်လိုစိတ်နဲ့ အတွေ့အကြုံတွေက ဘာစီလိုနာနဲ့ ရီးယဲလ် မက်ဒရစ်အသင်းတို့ကို အမီလိုက်ဖို့ ကြိုးစားနေတဲ့ ဆီမြွန်နီရဲ့အသင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အားဖြည့်မှုတစ်ခု ဖြစ်လာမှာပါ။

 

Exit mobile version