စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဆာဂျီ ရော်ဘတ်တိုက ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် စပိန် စူပါဖလားဗိုလ်လုပွဲမှာ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူကာ စူပါဖလားကို ကိုင်မြှောက်မယ်လို့ ပွဲကြိုအင်တာဗျူးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

ဆာဂျီ ရော်ဘတ်တို ဦးဆောင်နေတဲ့ ဘာစီလိုနာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူကာ စူပါဖလားရဲ့ ချန်ပီယံ ဖြစ်ခဲ့သလို ဒီရာသီမှာလည်း အိုဆာဆူနာကို အနိုင်ကန်ကာ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ဗိုလ်လုပွဲဆီ ချီတက်နိုင်ခဲ့ပါတယ်။

Photo Credit: 90 Min

တဖက်မှာလည်း ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာကို လက်မြှောက် အရှုံးပေးခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်က စူပါဖလား ဆီမီးဖိုင်နယ်မှာ မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်ကို ၅-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူကာ ဗိုလ်လုပွဲဆီ တက်လာပြီး ယမန်နှစ်ရဲ့ မကျေပွဲကို ဆင်နွှဲဖို့ အဆင်သင့် ဖြစ်နေပါတယ်။

လတ်တလော ခြေစွမ်းပိုင်းအရ လာလီဂါရဲ့ အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ရထားတဲ့ ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာထက် ပိုသာနေပြီး ဘောလုံးရေးရာ သုံးသပ်ဝေဖန်သူတွေကလည်း ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာကို အနိုင်ယူပြီး စပိန် စူပါဖလားကို ကိုင်မြှောက်ခွင့် ရလိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။

Photo Credit: Standard

ဒါပေမယ့် ဘာစီလိုနာ အသင်းခေါင်းဆောင် ဆာဂျီ ရော်ဘတ်တိုကတော့ သူတို့အသင်းဟာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရအောင် အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပြီး ဘယ်လို ကစားကွက်ကိုပဲ သုံးရ သုံးရ ရီးရဲလ်မက်ဒရစ်ကို အနိုင် ကစားသွားမယ်လို့ ဆိုလာပါတယ်။

ရော်ဘတ်တိုက – “ကျွန်တော်က စပိန်စူပါဖလားကို ဆွတ်ခူးချင်ပါတယ်။ ဒီပွဲက နိုင်တာနဲ့ ဆုဖလားပေးမယ့်ပွဲ ဖြစ်လို့ ကျွန်တော်တို့က နိုင်ကို နိုင်ရပါမယ်။ ကျွန်တော်က အသင်းခေါင်းဆောင် တဦး ဖြစ်တာကြောင့် ဒီပွဲအတွက် အတော်လေး စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်တို့က ကစားပုံကောင်းကောင်းနဲ့ ဗိုလ်လုပွဲမှာ အနိုင်ရဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ နိုင်ပွဲ ရဖို့ပါပဲ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။