အီတလီလက်ရွေးစင်အသင်းရဲ့နည်းပြဖြစ်သူ ရောဘတ်တိုမန်ချီနီက မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ရတဲ့ အီတလီအသင်းနဲ့ ဘော့စနီးယားလက်ရွေးစင်အသင်းတို့ရဲ့ UEFA Nations League ပြိုင်ပွဲအတွင်းမှာ အသင်းရဲ့ခံစစ်ပိုင်းအတွက် ဝါရင့်နောက်ခံကစားသမားကြီး ချီလီနီကို ဘနူချီနဲ့ တွဲဖက်အသုံးပြုသွားဖို့ စီစဉ်ခဲ့ပေမယ့်လည်း သူတပ်ဆင်နေကြ မျက်မှန်မပါဝင်ခဲ့ချိန် အသင်းကို လူစာရင်းကို ကြည့်မိလိုက်ရာမှာ ချီလီနီ ပါဝင်နေတယ်အထင်နဲ့ မှားယွင်းစွာ ဆုံးဖြတ်ချက်ချမိခဲ့တယ်လို့ ဝန်ခံပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

မန်စီးတီးအသင်းရဲ့နည်းပြဟောင်းဖြစ်တဲ့ မန်ချီနီဟာ အီတလီအသင်းကို ပြိုင်ပွဲစုံ (၁၀)ပွဲဆက်တိုက် အနိုင်ရအောင် ကိုင်တွယ်နိုင်ခဲ့သူဖြစ်ပြီး မနေ့ညက ကစားခဲ့တဲ့ပွဲမှာ အနိုင်ရဖို့ ရေပန်းစားခဲ့ပေမယ့်လည်း တစ်ဖက်ကို တစ်ဂိုးစီသာ သရေကျခဲ့ရတာကြောင့် နိုင်ပွဲဆက်မှုလည်း ရပ်တန့်ခဲ့သလို အသင်းမှာလည်း နစ်နာခဲ့ရပါတယ်။ မန်ချီနီဟာ အသင်းရဲ့လူစာရင်းမှာ ဗဟိုခံစစ်မှူးတွေအဖြစ် ဂျုဗင်တပ်စ်နောက်ခံလူ ဘနူချီနဲ့အတူ လာဇီယိုနောက်ခံလူ အဆာဘီတို့ကို တွဲဖက်သုံးစွဲလာခဲ့တာဖြစ်ပေမယ့် တကယ်တမ်းမှာတော့ မန်ချီနီက အဆာဘီထက် ချီလီနီကိုသာ အသုံးပြုဖို့ စီစဉ်ထားခဲ့တာဖြစ်ပြီး အမှားအယွင်းတစ်ခုကြောင့်သာ မထည့်သွင်းခဲ့တာဖြစ်ပါတယ်။

Photo Credit : Sky Sports

မန်ချီနီက “ဒါကျွန်တော်ရဲ့အမှားပါ။ သူတို့က ကျွန်တော့်ကို ပွဲထွက်လူစာရင်း လာပြတယ်။ ကျွန်တော်ကလည်း မျက်မှန်မတပ်ထားမိတော့ အားလုံးအဆင်ပြေတယ်လို့ ပြောမိလိုက်တယ်။ အဲ့ဒီမှာပဲ ကျွန်တော် ချီလီနီကို မထည့်သွင်းလိုက်ရပဲ အဆာဘီကိုသာ အသုံးပြုလိုက်ရသလို ဖြစ်သွားခဲ့တယ်။ ဒါပေမယ့်လည်း ကျွန်တော်အရင်ကတည်းက သူတို့နှစ်ယောက်လုံးကို တစ်ယောက်တစ်ပွဲစီ သုံးစွဲသွားဖို့ စီစဉ်ထားခဲ့တာပါ။ ကျွန်တော် ချီလီနီကို မေးလိုက်သေးတယ်။ မင်း ဘော့စနီယားနဲ့ ဟော်လန်နဲ့ ဘယ်အသင်းနဲ့ပွဲမှာ ပါဝင်ကစားချင်လဲဆိုတော့ သူကိုယ်တိုင်က ဘော့စနီယားနဲ့ပွဲလို့ ပြန်ဖြေခဲ့သေးတယ်။ အခုကတော့ အမှားတစ်ခု ဖြစ်သွားခဲ့တယ်ဆိုပေမယ့် ကြီးကြီးမားမားအမှားတော့လည်း မဟုတ်ဘူးပေါ့။ ဘာမှ သိပ်မခြားနားခဲ့ပါဘူး။ ဒါပေမယ့် မှားတော့မှားခဲ့ပါတယ်” လို့ ဝန်ခံပြောဆိုလာခဲ့ပါတယ်။ အီတလီအသင်းဟာ ဘော့စနီယားနဲ့ပွဲမှာ ရုန်းကန်ခဲ့ရပြီး ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်တဲ့ ဂျက်ကိုရဲ့ဦးဆောင်မှုကိုလည်း စတင်ခံခဲ့ရပြီးနောက် ဆယ်မိနစ်အကြာမှာ ဆန်ဆီက ပြန်လည်ချေပနိုင်ခဲ့တာဖြစ်ပါတယ်။ အီတလီဟာ နောက်ထပ် Nations League ပွဲစဉ်အဖြစ် နယ်သာလန်အသင်းနဲ့ ရင်ဆိုင်ကစားရတော့မှာဖြစ်ပါတယ်။