အသင်းရဲ့နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားနဲ့ လက်တွဲဖြုတ်ပြီးနောက်ပိုင်း အသင်းနည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မိုက်ကယ်ကာရစ်ကို ယာယီနည်းပြအဖြစ် ခေတ္တတာဝန်ပေးထားပြီး ဂျာမန်ဝါရင့် နည်းပြကြီး ရန်းနစ်ကို အသင်းရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရန်းနစ်ကို (၆)လတာ တာဝန်ပေးပြီးတဲ့နောက်မှာ အသင်းရဲ့ အကြံပေးအဖြစ်သာ ဆက်လက်တာဝန်ပေးဖို့ ရှိနေသလို အဲ့ဒီအခါမှာ လစ်လပ်သွားမယ့် အသင်းရဲ့အမြဲတမ်းနည်းပြရာထူးအတွက်ကိုလည်း မန်စီးတီးနည်းပြဟောင်းဖြစ်လည်းဖြစ်တဲ့ လက်ရှိ အီတလီနည်းပြ ရောဘတ်တိုမန်ချီနီကို အံ့အားသင့်စဖွယ် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Photo Credit : Football Italia

မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိအောင် အဓိကစွမ်းဆောင်ပေးနိုင်ခဲ့သလို ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားမှု အနည်းငယ်သာ ရှိနေရတဲ့ အီတလီအသင်းကို ချန်ပီယံဖြစ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြကြီး ရောဘတ်တိုမန်ချီနီဟာ လက်ရှိမှာ အီတလီလက်ရွေးစင်အသင်းကို အကောင်းဆုံး ကိုင်တွယ်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာက အီတလီအသင်းဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲရဖို့အတွက် ပလေးအော့အဆင့်ကနေ ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး ပလေးအော့ ဆီမီးဖိုင်နယ် မက်ဆီဒိုးနီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့်လည်း ဖိုင်နယ်မှာ ပေါ်တူဂီ(သို့)တူရကီနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ပေါ်တူဂီနဲ့သာ ထိပ်တိုက်တွေ့ဖြစ်မယ်ဆိုရင် ဘယ်အသင်း အနိုင်ရမလဲဆိုတာ စဉ်းစားရခက်နိုင်သလို တကယ်လို့ ပေါ်တူဂီကို အရေးနိမ့်ပြီး ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲချော်ရမယ်ဆိုရင်လည်း မန်ချီနီရဲ့ အီတလီနည်းပြ အနာဂတ်က လှုပ်ခတ်လာနိုင်ပါတယ်။

Photo Credit : The Telegraph

ဒီလို အခြေအနေမျိုးထိ ရောက်ရှိလာခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်အသင်းဘက်ကနေ သူတို့ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းရဲ့ နည်းပြဟောင်း မန်ချီနီကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ကို ပိုမိုပစ်မှတ်ထားလာနိုင်ပါတယ်။ ဒါပေမယ့် အသင်းကို ယာယီနည်းပြအဖြစ် စတင်တာဝန်ယူသွားတော့မယ့် ရန်းနစ်ရဲ့ အသင်းအပေါ် ဘယ်လောက်ထိ ဆောင်ရွှက်ပေးနိုင်ဦးမလဲဆိုတာကို စောင့်ကြည့်သွားရဦးမှာဖြစ်ပြီး အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် ရန်းနစ်ကိုယ်တိုင်က ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြအဖြစ် ဆက်လက်တာဝန်ယူသွားချင်နေပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း ယူနိုက်တက်ဘက်က ပစ်မှတ်ထားနေတဲ့ ပိုချက်တီနို တန်ဟတ် ရော်ဂျာစ်တို့ကိုပါ ကမ်းလှမ်းမှုတွေ လုပ်ဆောင်နိုင်ပြီး ဒီနည်းပြတွေနဲ့ အဆင်မပြေနိုင်မှသာ မန်ချီနီကို ခေါ်ယူဖို့ ဆက်သွယ်လာနိုင်ပါတယ်။ လက်ရှိမှာ အီတလီလူမျိုး နည်းပြမန်ချီနီကိုယ်တိုင်ကလည်း လက်ရွေးစင်နည်းပြဘဝကနေ ကလပ်အသင်းနည်းပြဘဝကို ပြန်လည်ဝင်ရောက်ချင်နေသလို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်သွားချင်နေတယ်လို့ သိရှိရပါတယ်။