အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ဘယ်နောက်ခံကစားသမားဖြစ်သူ လုခ်ရှောဟာ လက်ရှိမှာ ကျင်းပလျက်ရှိနေတဲ့ ယူရို-၂၀၂၀ပြိုင်ပွဲအတွင်း အင်္ဂလန်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသလို့နေပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်(၂)ပွဲအတွင်းမှာပဲ ဂိုးဖန်တီးမှု (၃)ကြိမ်အထိ လုပ်ဆောင်နိုင်ခဲ့တဲ့ ရှောကို ရောဘတ်တိုကားလို့စ်နဲ့ပါ ခိုင်းနှိုင်းပြောဆိုနေကြသလို ကားလို့စ်ကိုယ်တိုင်ကလည်း ရှောရဲ့စွမ်းဆောင်ရည်တွေအပေါ် ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၂၅)နှစ်အရွှယ်ရှိ နောက်ခံအစွန်လူ လုခ်ရှောဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ သူရဲ့အကောင်းဆုံးသော ခြေစွမ်းတွေကို ကလပ်အသင်းအတွက်ပါ နိုင်ငံအသင်းအတွက်ပါ ပြသထားနိုင်ခဲ့ပြီး လက်ရှိမှာလည်း အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂၀ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲလို့နေသလို ဂျာမနီအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ (၁၆)သင်းရှုံးထွက်ပွဲစဉ်နဲ့ ယူကရိန်းနဲ့ တွေ့ဆုံခဲ့ရတဲ့ ကွာတားပွဲစဉ်တွေမှာလည်း သူရဲ့ဂိုးဖန်တီးမှုတွေကို ဆက်တိုက်မြင်တွေ့ခဲ့ရပါတယ်။ လုခ်ရှောဟာ အခုဆိုရင် ယူရို-၂၀၂၀ပြိုင်ပွဲအတွင်း ဂိုးဖန်တီးမှု (၃)ကြိမ်နဲ့ ဆွစ်ဇာလန်ကစားသမား ဇူးဗားရဲ့နောက် ဒုတိယမြောက် Assists အများဆုံသူအဖြစ်ပါ ရပ်တည်လို့နေပါတယ်။

ဒီလို စွမ်းဆောင်ရည်မျိုးတွေ ပြသလို့နေတဲ့ လုခ်ရှောကို ဘောလုံးပရိသတ်များက ဘရာဇီး ဘယ်နောက်ခံကစားသမားဟောင်းကြီးသူ ရောဘတ်တိုကားလို့စ်နဲ့ ခိုင်းနှိုင်းတင်စားလျက် ရှိနေသလို အင်္ဂလန်အသင်းဖော်တွေကပါ လုခ်ရှောကို ရှောဘတ်တိုဆိုတဲ့ နာမည်ပြောင်ပါ ပေးထားကြပါတယ်။

Photo Credit : Manchester Evening News

ဒီလို အကောင်းဆုံး Form ရရှိနေတဲ့ လုခ်ရှောနဲ့ပတ်သက်ပြီး ရောဘတ်တိုကားလို့စ်က “သူ အရမ်းကို တတ်တတ်ကြွကြွနဲ့ ယှဉ်ပြိုင်ကစားနေတယ်ဆိုတာကို သင်တို့တွေ မြင်တွေ့နိုင်ပါလိမ့်မယ်။ သူ့ခြေစွမ်းတွေက တိုးတတ်လာခဲ့တယ်။ ယူကရိန်းနဲ့ပွဲမှာဆိုရင် သူရဲ့စွမ်းဆောင်ရည်က တကယ်အံ့မခန်းပါပဲ။ အခုဆိုရင် သူက အင်္ဂလန်အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက်ပါ ဖြစ်နေရပြီ။ သူက အခုဆိုရင် တစ်ပွဲပြီးတစ်ပွဲ ခြေစွမ်းပိုင်းတွေက တိုးတတ်ကောင်းမွန်လာတာမို့ ထိပ်တန်းကစားသမားတစ်ဦးအထိပါ ဖြစ်လာနိုင်တယ်လို့ ကျွန်တော်ထင်မိတယ်” လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ လုခ်ရှောရဲ့ စွမ်းရည်တွေနဲ့ပတ်သက်ပြီး သူ့အပေါ် ဝေဖန်မှုတွေ လုပ်ဆောင်ထားခဲ့တဲ့ နည်းပြမော်ရင်ဟိုကိုယ်တိုင် ရှောရဲ့ခြေစွမ်းတွေကို ချီးကျူးပြောဆိုထားပါသေးတယ်။