မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်တာမီလန် ဂိုးသမား အန်ဒရေအိုနာနာကို ခေါ်ယူဖို့ ကြိုးပမ်းနေတုန်း တစ်ဖက်မှာလည်း ပုံမှန် နေရာ တစ်နေရာ ရရှိဖို့ ရုန်းကန်နေရတဲ့ ဘရိုက်တန် ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကိုပါ ပစ်မှတ်ထားလာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Twitter

မန်ယူနိုက်တက်ဟာ အသင်းရဲ့ ပင်တိုင် ဂိုးသမား ဒေးဗစ်ဒီဟေးယားကို စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေနိုင်တော့တာကြောင့် အင်တာ ဂိုးသမား အိုနာနာကို အဓိက ပစ်မှတ်ထားလာခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ကနဦး ကမ်းလှမ်းချက်ကို အင်တာဘက်က ငြင်းဆန်ထားခဲ့ပါသေးတယ်။ ဒီအချိန်မှာ ယူနိုက်တက်အနေနဲ့ တခြားသော ဂိုးသမား options တွေကို စဉ်းစားလာခဲ့ပြီး ဖိုင်ယင်နော့ ဂိုးသမား ဂျက်စတန်အပြင် ဘရိုက်တန်ရဲ့ စပိန် ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကိုပါ ချိန်ရွယ်လာခဲ့ပါတယ်။

Photo Credit : Football Espana

ဂိုးသမား ဆန်းချက်ဇ်ဟာ ဘရိုက်တန်ကို နည်းပြ ဒီဇာဘီ ရောက်လာပြီးနောက်ပိုင်းကတည်းက အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်လာခဲ့ရတဲ့အပြင် အခုလည်း ဘရိုက်တန်က အန်ဒါလက်ချ်အသင်းရဲ့ နယ်သာလန် ဂိုးသမား ဗာဘရူဂန်ကိုပါ ထပ်မံ ခေါ်ယူထားတာဖြစ်လို့ ဆန်းချက်ဇ်ရဲ့ အနာဂတ်က မရေမရာ ဖြစ်လာခဲ့ရပါတယ်။ ဒါ့အပြင့် ပြီးခဲ့တဲ့ ဘောလုံးရာသီ လက်ကျန်ရာသီဝက်မှာလည်း ဘရိုက်တန်က ဂိုးသမား ဆန်းချက်ဇ်ထက် အရန် ဂိုးသမား စတီးလ်ကိုသာ ပိုမို အသုံးပြုခဲ့တာကြောင့် အဲ့ဒီအချိန်ကတည်းက ဆန်းချက်ဇ် အခြေအနေက မဟန်တော့တာပဲ ဖြစ်ပါတယ်။

ဒီလို အခြေအနေမှာ ဆန်းချက်ဇ်ကို မန်ယူနိုက်တက်ဘက်က ပစ်မှတ်ထားလာခဲ့ပြီး ဆန်းချက်ဇ်ကိုယ်တိုင်လည်း အသင်းပြောင်းရွှေ့ဖို့ စဉ်းစားလာခဲ့ပါတယ်။ ဘရိုက်တန်ဘက်ကတော့ သူတို့ ဂိုးသမား ဆန်းချက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၃၀)နဲ့ ကမ်းလှမ်းလာမှသာ လက်ခံ စဉ်းစားပေးဖွယ် ရှိနေပါတယ်။