ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးက လာမယ့် နွေအပြောင်းအရွှေ့မှာ သူ့ကို စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ခွင့် ပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုလိုက်ကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန်လက်ရွေးစင် တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ လက်ရှိ ဘွန်ဒက်လီဂါရဲ့ အကောင်းဆုံး တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရသလို ယခုနှစ် ဘောလုံးရာသီမှာလည်း ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမှာ ၄၅ပွဲ ပါဝင် ကစားပေးထားရာ ၄၉ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်နိုင်ခဲ့ကာ အသင်းရဲ့ မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းပြ ကစားနေသူပါ။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်ဘက်က အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ရော်ဘတ် လီဝမ်ဒေါစကီးကို လုပ်ခလစာ တိုးမြှင့်ပေးကာ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် ထပ်ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် လီဝမ်ဒေါစကီးကတော့ ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြ နစ်ဂယ်စမန်းနဲ့ ဆက်ဆံရေး အဆင်မပြေသလို စိန်ခေါ်မှု အသစ်တွေကို ထပ်မံ ရင်ဆိုင်ချင်တာကြောင့် ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာကာ စပိန်မြေဆီ ခရီးနှင်ဖို့ ဆုံးဖြတ်ထားပါတယ်။

နာမည်ကြီး ဂျာမန်အခြေစိုက် သတင်းဌာနတွေ ဖြစ်တဲ့ Bildနဲ့ Kicker သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ အစည်းအဝေးမှာ အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ တရားဝင် တောင်းဆိုခဲ့သလို အသင်းကသာ သူ့ကို ထွက်ခွာခွင့် မပေးရင် သူ့ဆီက ခြေစွမ်းကောင်းတွေကို မျှော်လင့်ဖို့ မဖြစ်နိုင်တော့ကြောင်း အသိပေးခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Sky Sports

လီဝမ်ဒေါစကီးရဲ့ တောင်းဆိုချက်အား ကြားခဲ့ရပြီးနောက် ဘိုင်ယန်မြူးနစ်ဘက်က လီဝမ်ဒေါစကီးကို လက်လွှတ်ဖို့ စတင် စဉ်းစားလာပြီး လီဝမ်ဒေါစကီး အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း ဝန်းကျင်သာ ရမယ် ဆိုရင် လီဝမ်ဒေါစကီးကို ရောင်းထုတ်ဖို့ပါ ဆုံးဖြတ်ထားကြောင်း ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

တဖက်မှာတော့ ဘာစီလိုနာက သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် လီဝမ်ဒေါစကီးကို အမိအရ ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားပြီး လီဝမ်ဒေါစကီးကို ခေါ်နိုင်ဖို့ အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်ကို ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်းနဲ့ ရောင်းထုတ်ဖို့ပါ ပြင်ဆင်နေကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းထောက် ရိုမဲရိုးက ဖော်ပြထားပါတယ်။