ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦးဖြစ်တဲ့ ရောဘတ် ပီရက်စ် ကတော့ ပြင်သစ် လက်ရွေးစင် အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ အမ်ဘာပေကို လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ ကစားဖို့ တိုက်တွန်း သွားခဲ့ပါတယ်။ အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လူငယ် တိုက်စစ်မှူး အမ်ဘာပေဟာ သူ့ရဲ့ အသက်အရွယ်တန်းမှာ ပြိုင်ဘက်ကင်း ကစားသမား အဖြစ် ဘောလုံးသုတေသီတွေနဲ့ ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်ပြီး မကြာခင်မှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကို ရရှိမယ့်သူ အဖြစ် ထင်ကြေး ပေးခံထားရသူပါ။

Photo Credit: AS English

ဒါ့ကြောင့်ပဲ အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဥရောပ ထိပ်သီးအသင်းတေွ များစွာ ရှိနေသလို ပီအက်စ်ဂျီ အသင်းကလည်း အမ်ဘာပေကို လက်မလွှတ်ရစေရန် အတွက် အစွမ်းကုန် ကြိုးစား နေပါတယ်။ လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ အမ်ဘာပေကို ခေါ်ယူနိုင်မယ့် အသင်းအဖြစ် ရေပန်း အစားဆုံး ဖြစ်နေသလို အမ်ဘာပေဟာလည်း ငယ်စဉ်ကတည်းက ရီးရဲလ်မက်ဒရစ် အသင်းမှာ စိတ်ကူး ရှိကြောင်း နီးစပ်သူတွေက ဆိုထားကြပါတယ်။ ပြင်သစ် လက်ရွေးစင် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ပီရက်စ်ကတော့ သူဟာ ပြင်သစ်သား တစ်ဦးဖြစ်တာကြောင့် အမ်ဘာပေကို ပီအက်စ်ဂျီ အသင်းမှာ မြင်တွေ့ ချင်ပေမယ့် အမ်ဘာပေဟာ ဒီထက် ပိုကောင်းတဲ့ ကစားသမား ဖြစ်လာဖို့ ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့သင့်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

Photo Credit: AS English

အမ်ဘာပေနဲ့ ပတ်သတ်ပြီး ပီရက်စ်က “ဒါပေါ့။ ကျွန်တော်က ပြင်သစ်သား တစ်ယောက် ဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းကို နှစ်သက်သလို အမ်ဘာပေကိုလည်း ပီအက်စ်ဂျီ အသင်းမှာပဲ ဆက်ပြီး မြင်ချင်ပါတယ်။ ဒါပေမယ့် တကယ်လို့ သူကသာ ဒီထက် ပိုကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်ချင်တယ် ဆိုရင်တော့ ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့သင့်ပါတယ်” ဆိုပြီး ပြောကြား သွားခဲ့တာပါ။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းဟာ ပြင်သစ်နိုင်ငံသား တစ်ဦး ဖြစ်တာကြောင့် ပြင်သစ် ဘောလုံး အသိုင်းအဝိုင်း ကတော့ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ ကြယ်ပွင့်ဖြစ်သူ အမ်ဘာပေကို အခြားအသင်းတွေ ထက် ရီးရဲလ်မက်ဒရစ် အသင်းဆီသာ ပြောင်းရွှေ့စေချင် နေကြောင်း သိရပါတယ်။