ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ရောဘတ်လီဝန်ဒေါစကီးက ဘိုင်ယန်အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှုတွေနဲ့ တစ်ဦးချင်း အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပေမယ့်လည်း လာမယ့် နွေရာသီ ဘောလုံးသမား အပြောင်းအရွှေ့ စျေးကွက်ထဲမှာတော့ ဘိုင်ယန်ကနေ ထွက်ခွာပြီး အင်္ဂလန် ဒါမှမဟုတ် စပိန်မြေကို ပြောင်းရွှေ့ကစားဖွယ် ရှိနေတယ်လို့ Sky Germany ရဲ့ အားကစား သတင်းထောက်တစ်ဦးကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Daily Star
လက်ရှိမှာ အသက်(၃၃)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ ပိုလန်လက်ရွေးစင် ဂိုးသွင်းစက် လီဝန်ဒေါစကီးဟာ ၂၀၁၄ခုနှစ်ကတည်းက ဒေါ့မွန်ကနေ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ဘိုင်ယန်နဲ့ ဘောလုံးရာသီ (၈)ရာသီမြောက်ကို ဖြတ်သန်းနေသလို ဒီနှစ်ဘောလုံးရာသီအတွင်း ပြိုင်ပွဲစုံမှာ သွင်းဂိုး(၃၀)ထိပါ သွင်းယူထားနိုင်ပါတယ်။ လီဝန်ဒေါစကီးက ဒီရာသီအတွင်း ဘိုင်ယန်နဲ့ ဘွန်ဒစ်လီဂါအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာပါ အသင်းလိုက် အောင်မြင်မှုတွေနဲ့ တစ်ဦးချင်း အောင်မြင်မှုတွေကို ရယူနိုင်ဖို့ ရေပန်းစားနေပေမယ့်လည်း ရာသီအကုန်မှာတော့ အသင်းနဲ့ လက်တွဲဖြုတ်ပြီး ပရီးမီးယားလိဂ် ဒါမှမဟုတ် လာလီဂါပြိုင်ပွဲတွေက ထိပ်တန်း အသင်းကြီး တစ်သင်းသင်းဆီကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။
Photo Credit : The Sun
ဒီအကြောင်းနဲ့ပတ်သက်ပြီး Sky Germany ရဲ့ အထင်ကရ သတင်းထောက်တစ်ဦးက “လီဝန်ဒေါစကီး စပိန် ဒါမှမဟုတ် အင်္ဂလန်ပရီးမီးယားလိဂ်တို့ကို တကယ်ပဲ ပြောင်းရွှေ့ချင်နေတာပါ။ ဒီနေရာတွေက ကစားသမားတွေအတွက် တကယ်ကို ကောင်းမွန်တဲ့ စျေးကွက်တွေပါ။ ဒါကြောင့် လီဝန်ဒေါစကီးနဲ့ သူရဲ့အေးဂျင့်တို့က နွေရာသီမှာ အပြောင်းအရွှေ့ ဖြစ်လာအောင် ကြိုးစားကြမှာပါ။ ဒါပေမယ့်လည်း ဘိုင်ယန်ဘက်ကတော့ လီဝန်ဒေါစကီးကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့အတွက် သက်တမ်းတိုးချင်နေပါတယ်။ ဘိုင်ယန်ဘက်က လီဝန်ဒေါစကီးကို သက်တမ်းတိုးဖို့ အဆင်မပြေနိုင်ခဲ့ရင်တော့ အာလင်းဟာလန်းကို ခေါ်ယူကြမယ့် ကစားပွဲထဲမှာ ပြန်လည်ပါဝင်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း ဘိုင်ယန်က ဟာလန်းကို ခေါ်ယူဖို့ထက် လီဝန်ဒေါစကီးကိုပဲ အသင်းနဲ့ သက်တမ်းတိုးချင်နေပါတယ်။ လီဝန်ဒေါစကီးကလည်း သူရဲ့ ကစားသမားဘဝ အကောင်းဆုံး အချိန်မှာပဲ လာလီဂါ ဒါမှမဟုတ် ပရီးမီးယားလိဂ်ဆီကို ပြောင်းရွှေ့ခွ့င့်ရဖို့ ဆန္ဒရှိနေပါတယ်” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။