ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်ဂိုးမုဆိုးကြီး ရောဘတ်လီဝန်ဒေါစကီးဟာ ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဘိုင်ယန်အသင်းနဲ့ လမ်းခွဲဖွယ် ရှိနေပြီး ကစားသမားဘဝက အနားမယူခင် နယ်မြေသစ်က ကလပ်အသင်းသစ် တစ်သင်းဆီကို ပြောင်းရွှေ့ဖွယ် ရှိနေရာ လတ်တလောမှာတော့ လီဝန်ဒေါစကီးဟာ စပိန်လာလီဂါ ထိပ်သီးကလပ် အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ အံ့အားသင့်ဖွယ် အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတယ်လို့ သိရဗျရပါတယ်။

Photo Credit : Eurosport

အသက်(၃၃)နှစ်အရွှယ်ရှိ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမားကြီး လီဝန်ဒေါစကီးဟာ ၂၀၁၄ခုနှစ်ကတည်းက ဒေါ့မွန်ကနေ ဘိုင်ယန်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ နှစ်ကာလရှည်ကြာ ဖြတ်သန်းခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ်ပါ ရပ်တည်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ လီဝန်ဒေါစကီးရဲ့ စာချုပ်သက်တမ်းက (၁၈)လဝန်းကျင်သာ ကျန်ရှိနေတော့သလို အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကလည်း မရေရာသေးတာကြောင့် သူ့ကို ချယ်လ်ဆီး ရီးယဲလ်မက်ဒရစ်တို့လို ဥရောပထိပ်သီး ကလပ်အသင်းတွေက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြသလို လတ်တလောမှာလည်း အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ခပ်သဲ့သဲ့လေး ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : 90Min

ဒီသတင်းကို စပိန်သတင်းဂျာနယ်လစ် ဂါဆီယာက TV show El Chiringuito အစီအစဉ်မှာ ထုတ်ဖော်ပြောဆိုသွားခဲ့တာဖြစ်ပြီး လီဝန်ဒေါစကီးနဲ့ အသက်လက်တီကိုအသင်းတို့ရဲ့ကြား ဆွေးနွေးမှုတွေ မရှိသေးပေမယ့်လည်း လီဝန်ဒေါစကီးရဲ့ မိသားစုဝင်တွေက စပိန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ဖို့ ဆန္ဒရှိနေတယ်လို့ ဂါဆီယာက ပြောဆိုသွားခဲ့ပါတယ်။ အသက်လက်တီကိုအသင်းဟာလည်း အသင်းရဲ့တိုက်စစ်ပိုင်းမှာ ဆွာရက်ဇ် ဂရီးဇ်မန်း ဂျာအိုဖီးလစ်နဲ့ ကော်ရီယာတို့လို ထိပ်တန်းကစားသမားတွေ ရှိနေပေမယ့် ဥရုဂွေး ဝါရင့်တိုက်စစ်ကစားသမားကြီး ဆွာရက်ဇ်က ဒီရာသီအကုန်မှာ အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေတာကြောင့် သူ့နေရာအတွက် လီဝန်ဒေါစကီးနဲ့ ပြန်လည်အစားထိုးချင်နေတာ ဖြစ်ပါတယ်။ လီဝန်ဒေါစကီးရဲ့ လက်ရှိအသက်အရွှယ်အရ အကျဘက်ကို ရောက်နေပြီ ဖြစ်ပေမယ့်လည်း သူရဲ့လက်ရှိခြေစွမ်းတွေက တောက်ပနေဆဲဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီအတွင်းမှာတောင် ပြိုင်ပွဲစုံသွင်းဂိုးပေါင်း (၃၉)ဂိုးအထိကို သွင်းယူထားနိုင်သလို ဘွန်ဒစ်လီဂါ ရွှေဖိနပ်ဆုနဲ့ ဥရောပ ရွေဖိနပ်ဆုတို့ကိုပါ ထပ်မံပိုင်ဆိုင်ရနိုင်ဖွယ် ရှိနေပါတယ်။