ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ ပိုလန်နိုင်ငံ အခြေစိုက် Sportowe Fakty သတင်းနဲ့ အမေးအဖြေ ပြုလုပ်ခဲ့တဲ့ အချိန်မှာတော့ ပြိုင်ပွဲ (၃) ခုရဲ့ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ခဲ့တာကြောင့် ဘလွန်းဒီအော်ဆုကို သူပဲ ရရှိသင့်တယ်လို့ အခိုင်အမာ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ဘလွန်းဒီအော်ဆုကို နှစ်စဉ်နှစ်တိုင်း ပေးအပ်လာခဲ့တဲ့ ပြင်သစ် ဘောလုံး (France Football) အဖွဲ့က လက်ရှိရာသီ (၂၀၂၀) ခုနှစ်မှာ ကိုရိုနာ ဗိုင်းရပ်ကြောင့် ဘလွန်းဒီအော်ဆုကို ပေးအပ်သွားတော့မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပြီး (၂၀၂၀) ခုနှစ်မှာ ဘလွန်းဒီအော်ဆုကို မပေးအပ်တော့မှာ ဖြစ်ပါတယ်။

Photo Credit: Givemesport

ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ လက်ရှိရာသီမှာ ပြိုင်ပွဲစုံ (၃) ခု ဖြစ်တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ၊ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ နဲ့ ဂျာမန် ပိုကယ် ပြိုင်ပွဲမှာ သွင်းဂိုး အများဆုံး သူ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်၊ ဘွန်ဒက်စ်လီဂါ နဲ့ ဂျာမန် ပိုကယ် ဖလားတို့ကိုလည်း ရရှိခဲ့ပါတယ်။ တကယ်လို့ (၂၀၂၀) ခုနှစ်မှာ ဘလွန်းဒီအော်ဆုကို ပေးအပ်မယ် ဆိုရင် လီဝန်ဒေါ့စကီး ရရှိသွားဖို့က သေချာနေတာ ဖြစ်ပြီး ပြိုင်ပွဲစုံ သွင်းဂိုး (၅၅) ဂိုး သွင်းယူခဲ့တဲ့ လီဝန်ဒေါ့စကီး ကိုယ်တိုင်ကလည်း (၂၀၂၀) ခုနှစ် ဘလွန်းဒီအော်ဆုကို သူပဲ ရသင့်တယ်လို့ အခိုင်အမာ ပြောကြားသွားတာ ဖြစ်ပါတယ်။

Photo Credit: Givemesport

တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ (၂၀၂၀) ဘလွန်းဒီအော်ဆုကို ဘယ်သူ ရသင့်သလဲလို့ အမေးခံရတဲ အချိန်မှာ သူက “ကျွန်တော် ရသင့်တာပေါ့”လို့ ဖြေသွားခဲ့ပါတယ်။ သူဟာ ဘာကြောင့် ရသင့်သလဲ ဆိုတဲ့ အကြောင်းပြချက်ကို ရှင်းပြပါလားလို့ အမေးခံရတဲ့ အချိန်မှာ သူက “ကျွန်တော်တို့ ဘိုင်ယန်အသင်းနဲ့ ရရှိနိုင်သမျှ ဖလား အားလုံးကို ရရှိခဲ့တယ်။ ပြိုင်ပွဲတိုင်းမှာ၊ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ၊ ဂျာမန် ဖလား ပြိုင်ပွဲ နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကျွန်တော် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ အခြားအသင်းက အခြား ကစားသမားအပေါ်မှာ ရသင့်တယ်လို့ ပြောတာက ပိုကောင်းတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဘယ်ကစားသမား ဖြစ်ဖြစ်၊ ကျွန်တော် လုပ်ခဲ့တာကို လုပ်နိုင်မယ် ဆိုရင်လည်း သူတို့ ဘလွန်းဒီအော်ဆု မရကောင်း မရဘဲ ရှိပါလိမ့်မယ်”လို့ ပြောကြားသွားခဲ့ပါတယ်။