MySport Myanmar

ချန်င်္ပီယံလိဂ်မှာ ဘယ်ကစားသမားမှ မရဖူးသေးတဲ့ စံချိန်တစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့ လီဝန်ဒေါစကီး

ပိုလန်ဂိုးမုဆိုးကြီးဖြစ်သူ ရောဘတ်လီဝန်ဒေါစကီးကတော့ သူရဲ့ကလပ်အသင်းသစ်ဖြစ်တဲ့ ဘာစီလိုနာအတွက် ပထမဆုံးသော ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ချက်ကလပ် ဗစ်တိုးရီးယားပယ်လ်ဇန်အသင်းနဲ့ ပွဲစဉ်ကို ပါဝင်ကစားရင်း အသင်းအတွက်ကိုပါ ဟက်ထရစ် သွင်းယူပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘယ်ကစားသမားမှ မရရှိဖူးသေးတဲ့ စံချိန်တစ်ခုကိုပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit : The Sun

အသက်(၃၄)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမား လီဝန်ဒေါစကီးဟာ ဒီနွေမှာပဲ (၈)နှစ်နီးပါးလောက် ပါဝင်ကစားခဲ့တဲ့ ဘိုင်ယန်ကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံမှာ (၈)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လီဝန်ဒေါစကီးက ဘွန်ဒစ်လီဂါလို ဘိုင်ယန် တစ်သင်းတည်းသာ ကြီးစိုးနေတဲ့ ပြိုင်ပွဲမှာ ပါဝင်နေတာမို့ ဂိုးတွေမြူးနေရတာလို့ လူအများက သုံးသပ်နေကြပေမယ့် အခု ဘာစီလိုနာကို ရောက်လာချိန်မှာ သူက ဘယ်အသင်း ဘယ်ပြိုင်ပွဲမှာမဆို ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်တယ်ဆိုတာကို အခုလက်ရှိ သူသွင်းယူနေတဲ့ သွင်းဂိုးတွနဲ့ သက်သေပြနိုင်ခဲ့ပါတယ်။

Photo Credit : Bola

လီဝန်ဒေါစကီးက သူ့ကစားသမားဘဝအတွင်း တစ်ခါမှ မကျင်လည်ခဲ့ဖူးတဲ့ လာင်္လီဂါပြိုင်ပွဲအတွင်း လာရောက် ကစားချိန်မှာ အခု(၄)ပွဲ ကစားအပြီး (၅)ဂိုးထိ သွင်းယူထားနိုင်သလို ပယ်လ်ဇန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ဘာစီလိုနာအတွက် ဟက်ထရစ်ပါ သွင်းယူနိုင်ခဲ့ပါသေးတယ်။ ဒီဟက်ထရစ်ဂိုးက လီဝန်ဒေါစကီးအနေနဲ့ ကစားသမားဘဝအတွင်း ဒေါ့မွန် ဘိုင်ယန်အသင်းတွေအပြီး ဘာစီလိုနာအသင်းအတွက်ပါ သွင်းယူနိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ဟက်ထရစ် ဖြစ်ခဲ့တာကြောင့် လီဝန်ဒေါစကီးက ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတလျှောက် မတူညီတဲ့ ကလပ်အသင်း(၃)သင်းနဲ့ ဟက်ထရစ် သွင်းယူနိုင်တဲ့ ပထမဆုံးသော ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။ ဒါ့အပြင် အသင်းဟောင်းတွေဖြစ်တဲ့ ဒေါ့မွန်မှာ ချန်ပီယံလိဂ် ဟက်ထရစ် (၁)ကြိမ်နဲ့ ဘိုင်ယန်မြူးနစ်မှာ ဟက်ထရစ် (၄)ကြိမ် ရယူထားနိုင်ခဲ့တဲ့ လီဝန်ဒေါစကီးဟာ အခု သူရဲ့အသင်းသစ် ဘာစီလိုနာအတွက် ချန်ပီယံလိဂ် ဟက်ထရစ် တစ်ကြိမ် ထပ်မံ ရရှိခဲ့လို့ ချန်ပီယံလိဂ်မှာ လီဝန်ဒေါစကီး သွင်းယူနိုင်တဲ့ ဟက်ထရစ် အကြိမ်ရေ (၆)ကြိမ်ထိကို ရှိသွားခဲ့ရပါတယ်။ လက်ရှိချန်ပီယံလိဂ်မှာ ဟက်ထရစ် သွင်းယူမှု အများဆုံးဖြစ်နေကြတဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့က ဟက်ထရစ် (၈)ကြိမ် ရထားတာ ဖြစ်ပေမယ့်လည်း မက်ဆီက အသင်းဟောင်း ဘာစီလိုနာနဲ့သာ ဟက်ထရစ် အားလုံးကို ရယူထားတာဖြစ်ပြီး ရော်နယ်လ်ဒိုကလည်း ရီးယဲလ် ဂျုဗင်တပ်စ်တို့နဲ့သာ ဟက်ထရစ် ရယူထားခဲ့တာ ဖြစ်သလို လက်ရှိကလပ် ယူနိုက်တက်နဲ့ကလည်း ချန်ပီယံလိဂ် ပါဝင်ရခြင်း မရှိတာကြောင့် လီဝန်ဒေါစကီးရဲ့ စံချိန်ကို လိုက်မှီဖို့ရော ရိုက်ချိုးဖို့ပါ ခက်ခဲနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version