စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝန်ဒေါစကီးက သူတို့အသင်းဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် အယ်ကလပ်စီကိုဒါဘီပွဲမှာ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ဘယ်လိုအနိုင်ယူရမလဲ ဆိုတာ ကြိုတင် သိပြီးသားလို့ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် ပိုလန်လက်ရွေးစင် တိုက်စစ်မှူး ရော်ဘတ် လီဝန်ဒေါစကီးက ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနေသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၄၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၀ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၉ကြိမ် ရရှိထားပါတယ်။

Photo Credit: Sports Brief

ယနေ့ညမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က လာလီဂါပွဲစဉ် (၃၂)အဖြစ် ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပြီး လတ်တလော ခြေစွမ်းပိုင်းအရ နှစ်သင်းကြားမှာ ကွာဟချက် နည်းပါးနေတာကြောင့် ဒီတခေါက် အယ်ကလပ်စီကိုပွဲက အတော်လေး အကြိတ်အနယ် ရှိပါလိမ့်မယ်။

လက်ရှိခြေစွမ်းပိုင်းအရ နှစ်သင်းစလုံးက မတိမ်းမယိမ်း အနေအထားမှာ ရှိနေပေမယ့် ရီးရဲလ်မက်ဒရစ်က ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကစားရဖို့ ရှိနေတဲ့ အချက်ကြောင့် ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ထက် အနည်းငယ် အသာရဖို့ ရှိနေသလို ရီးရဲလ်ကိုသာ အဝးကွင်းမှာ အနိုင်ယူနိုင်ခဲ့ရင် ဘာစီလိုနာရဲ့ လာလီဂါချန်ပီယံ မျှော်လင့်ချက်ကလည်း ပြန်လည် ရှင်သန်လာဖို့ ရှိနေတာကြောင့် ဘာစီလိုနာရဲ့ ရုန်းအားကို မြင်ရနိုင်ပါတယ်။

Photo Credit: Standard

ဘာစီလိုနာရဲ့ အဓိက တိုက်စစ်မှူး လီဝန်ဒေါစကီးကလည်း သူတို့အသင်းဟာ ရီးရဲလ်မက်ဒရစ်ကို ဘယ်လို အနိုင်ကစားရမလဲ ဆိုတာ သိသလို မန်ချက်စတာ စီးတီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့လို့ အပျော်လွန်နေမယ့် အချက်က ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဓာတ်ပိုင်းကို ထိခိုက်စေလိမ့်မယ်လို့ ဆိုလာပါတယ်။

လီဝန်ဒေါစကီးက – “ကျွန်တော်တို့က ရီးရဲလ်မက်ဒရစ်ကို ဘယ်လို အနိုင်ကစားရမလဲ ဆိုတာ သိပါတယ်။ ကျွန်တော်တို့က သူတို့ရဲ့အကြောင်းကို သိသလို နောက်ဆုံး ကစားခဲ့တဲ့ အယ်ကလပ်စီကိုပွဲမှာ ကျွန်တော်တို့က ဘယ်လိုမျိုး အမှားတွေ လုပ်မိခဲ့လဲ ဆိုတာကို သေချာ ပြန်လေ့လာပြီးပါပြီ။ မန်ချက်စတာ စီးတီးကို အနိုင်ရခဲ့လို့ အပျော်လွန်နေမယ့် အချက်ကလည်း ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဓာတ်ပိုင်းကို ထိခိုက်စေနေပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။