MySport Myanmar

ရိုနယ်ဒိုနဲ့ မက်ဆီတို့ရဲ့ ဂုဏ်ယူစရာကောင်းတဲ့ စံချိန်ကို လိုက်မီခဲ့တဲ့ လီဝန်ဒေါစကီး

စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝန်ဒေါစကီးက ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာ ၅-၀ ရိုင်ယယ် အန့်တ်ဝက် ပွဲစဉ်မှာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေ ဖြစ်ကြတဲ့ ရိုနယ်ဒိုနဲ့ မက်ဆီတို့ရဲ့ စံချိန်မှတ်တမ်းကောင်း တခုကို လိုက်မှီနိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၃၅နှစ် အရွယ် ပိုလန်လက်ရွေးစင် တိုက်စစ်မှူး လီဝန်ဒေါစကီးက လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲမှာ ပါဝင်နေသူ ဖြစ်ပြီး သူက ဘာစီလိုနာနဲ့ အန့်တ်ဝက်တို့ရဲ့ ပွဲစဉ်မှာ ဂျာအို ဖီးလစ် ၊ ရာဖင်ညာတို့နဲ့ တွဲဖက်ကာ ဘာစီလိုနာရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင် ကစားနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဘာစီလိုနာနဲ့ အန့်တ်ဝက်တို့ ပွဲစဉ်မှာ နှစ်သင်းကြား ကစားသမား အင်အားချင်း ကွာဟချက် မြင့်မားသလို အိမ်ရှင်အားသာချက်လည်း ရှိနေတာကြောင့် ဘာစီလိုနာက ပွဲစပွဲဆုံး အန့်တ်ဝက်ဘက်ကို ဖိအားပေး တိုက်စစ်ဆင် ကစားနိုင်ခဲ့သလို ကစားသမားသစ် ဂျာအို ဖီးလစ်ရဲ့ အံ့မခန်း ခြေစွမ်းတွေကြောင့် ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာ ၅-၀ အန့်တ်ဝက် ပွဲစဉ်မှာ ဘာစီလိုနာအတွက် သွင်းဂိုးတွေကို ပွဲချိန် ၁၁မိနစ်နဲ့ ၆၆မိနစ်တို့မှာ ဂျာအို ဖီးလစ် ၊ ပွဲချိန် ၁၉မိနစ်မှာ လီဝန်ဒေါစကီး ၊ ပွဲချိန် ၅၄မိနစ်မှာ ဂါဗီတို့က အသီးသီး သွင်းယူပေးခဲ့ကြသလို အန့်တ်ဝက် နောက်ခံလူ ဘာတေးလီကလည်း ပွဲချိန် ၂၂မိနစ်မှာ ဘာစီလိုနာ အတွက် လက်ဆောင်ဂို တဂိုး သွင်းယူပေးခဲ့ပါတယ်။

Photo Credit: FIFA

ရော်ဘတ် လီဝန်ဒေါစကီးက အန့်တ်ဝက်ဘက်ကို သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့ ဥရောပပြိုင်ပွဲတွေမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက်ဟာ ၁၀၀ဂိုး ပြည့်သွားခဲ့ပြီး လီဝန်ဒေါစကီးက ရိုနယ်ဒို(၁၄၅ဂိုး)နဲ့ မက်ဆီ(၁၃၂ဂိုး) နည်းတူ ဥရောပပြိုင်ပွဲတွေမှာ သွင်းဂိုး ၁၀၀ဂိုး ပြည့်အောင် သွင်းယူနိုင်ခဲ့တဲ့ ကစားသမား ဆိုတဲ့ စံချိန်ကောင်း တခုကို ပိုင်ဆိုင်ခဲ့ပါတယ်။

လီဝန်ဒေါစကီးက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၁၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉၂ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၂၆ကြိမ် ပြုလုပ်နိုင်ခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲ အပါအဝင် အခြား ဥရောပပြိုင်ပွဲတွေမှာ သွင်းဂိုး ၈ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

Exit mobile version