မန်ချက်စတာစီးတီးအသင်းရဲ့ အယ်လ်ဂျီးရီးယား တိုက်စစ်ကစားသမား ရီယဒ်မာရက်ဇ်က သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကောလဟာလတွေ ထွက်ပေါ်နေပေမယ့် မာရက်ဇ်ကိုယ်တိုင်ကတော့ မန်စီးတီးအသင်းနဲ့သာ ကာလရှည် စာချုပ်တစ်ရပ်ကိုပါ ချုပ်ဆိုသွားချင်နေတဲ့အပြင် မန်စီးတီးမှာပဲ သူရဲ့ ကစားသမားဘဝကို အဆုံးသတ်သွားဖို့အထိ ဆန္ဒရှိလို့နေပါတယ်။

Riyad Mahrez is ready to commit his golden years to Man City on a new long-term deal

အသက်(၃၁)နှစ်အရွယ်ရှိ အယ်လ်ဂျီးရီးယားလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား မာရက်ဇ်ဟာ ၂၀၁၈ခုနှစ်မှာ လက်စတာအသင်းကနေ မန်စီးတီးကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး စီးတီးနဲ့အတူ ပရီးမီးယားလိဂ် အက်အေဖလား လိဂ်ဖလား ကွန်မြူနတီဒိုင်းတို့ကို ပိုင်ဆိုင်နိုင်ခဲ့သလို အသင်းအတွက်ကိုလည်း ပွဲပေါင်း (၁၈၉)ပွဲမှာ (၆၃)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ မာရက်ဇ်ဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး သူ့အနာဂတ်ဟာလည်း မရေမရာ ဖြစ်လာခဲ့ရပေမယ့် မာရက်ဇ်ကိုယ်တိုင်ကတော့ မန်စီးတီးနဲ့သာ ဆက်လက် လက်တွဲချင်နေပါတယ်။

Photo Credit : The Sun

အယ်လ်ဂျီးရီးယား ကစားသမား မာရက်ဇ်ဟာ လက်ရှိ မန်ချက်စတာမြို့မှာ အခြေတကျ ဖြစ်နေရပြီး ဒီနှစ်အတွင်းမှာပဲ ပထမဆုံးသော ရင်သွေးလေးတစ်ဦးကိုပါ ပိုင်ဆိုင်ထားနိုင်ခဲ့ရတာဖြစ်သလို မန်စီးတီးအသင်းနဲ့လည်း ဆုဖလား အောင်မြင်မှုတွေလည်း ပိုင်ဆိုင်ခဲ့လို့ မာရက်ဇ်က မန်စီးတီးနဲ့ လက်တွဲဖြုတ်သွားဖို့ ဆန္ဒမရှိပဲ ဖြစ်နေရပါတယ်။ မန်စီးတီးဘက်ကတော့ ဒီနှစ်ဈေးကွက်အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အာလင်းဟော်လန်း ယူလီယန်အဲလ်ဗာရက်ဇ်တို့ကို ခေါ်ယူအားဖြည့်ထားခဲ့တာကြောင့် မာရက်ဇ် အပါအဝင် စတာလင် ဂျေဇူးတို့လို မန်စီးတီး တိုက်စစ်ကစားသမားတွေရဲ့ အနာဂတ် အခြေအနေတွေက လှုပ်ခတ်လာခဲ့ရပြီး ဒီကစားသမားတွေဟာ အခုနှစ် နွေဈေးကွက်မှာပဲ အသင်းကနေ ရောင်းချခံရနိုင်တယ်လို့ပါ သတင်းထွက်လာခဲ့ရပါတယ်။ ဒါပေမယ့် မာရက်ဇ်ကတော့ အသင်းကနေ မထွက်ခွာသွားချင်ပဲ (၃)နှစ်+တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့် စာချုပ်သစ်ကိုသာ ချုပ်ဆိုသွားချင်နေပြီး မန်စီးတီးဘက်ကလည်း မာရက်ဇ်လို ကစားသမားမျိုးကို free transfer နဲ့ လက်လွတ်မခံသွားချင်တာကြောင့် သက်တမ်းတိုးဖွယ်သာ ရှိနေရပါတယ်။ ဒါပေမယ့် မာရက်ဇ်ရဲ့ အသင်းဖော်တွေဖြစ်တဲ့ ဂျေဇူးနဲ့ စတာလင်တို့နှစ်ဦးလုံးကတော့ မန်စီးတီးနဲ့ လမ်းခွဲရနိုင်ပြီး ဂျေဇူးက အာဆင်နယ် စတာလင်က ချယ်လ်ဆီးကို ရောက်ရှိဖွယ် ရှိနေပါတယ်။