MySport Myanmar

CWC အတွက် ရော်နယ်လ်ဒိုကို ကမ်းလှမ်းခဲ့ကြောင်း ရေးဗားပလိတ်နည်းပြ ဝန်ခံ

ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကလပ် ရေးဗားပလိတ်အတွက် လာကစားပေးဖို့ ကမ်းလှမ်းခံခဲ့ရပေမဲ့ မကြာခင်လာမယ့် ရာသီသစ်အတွက် ပြင်ဆင်မှုတွေကို အာရုံစိုက်ချင်တာကြောင့် အဆိုပါကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ ရေးဗားပလိတ်နည်းပြဟောင်း မာဆယ်လို ဂါလာဒိုက အတည်ပြုပြောကြားခဲ့ပါတယ်။

သောကြာနေ့က ESPNနဲ့ အင်တာဗျူးတစ်ခုမှာ ရေးဗားပလိတ်နည်းပြ မာဆယ်လို ဂါလာဒိုက ရော်နယ်လ်ဒိုကို ရီးဗားပလိတ်အတွက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးဖို့ ပုဂ္ဂိုလ်ရေးအရ ချဉ်းကပ် ကမ်းလှမ်းခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဂါလာဒိုက လော့စ်အိန်ဂျယ်လိစ်မြို့ရှိ Rose Bowl မှာ မွန်တာရေးနဲ့ ကစားမယ့် အရေးကြီးတဲ့ပွဲ မတိုင်ခင် နောက်ကွယ်က ဇာတ်လမ်းကို မျှဝေခဲ့ပါတယ်။

Photo Credit : La Pagnia Millonaria

“မတ်လလယ်လောက်ကပါ။ သူငယ်ချင်းတစ်ယောက်ကနေတစ်ဆင့် ကျွန်တော် ရော်နယ်လ်ဒိုကို မေးခဲ့တယ် ‘ဟေး၊ ငါတို့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ လာတော့မယ်၊ မင်းကစားဖို့ စိတ်ဝင်စားလား။ မင်းလို ကစားသမားမျိုးအတွက် ဖန်တီးထားတဲ့ ပြိုင်ပွဲတစ်ခုပဲ’ လို့ ကျွန်တော် ပေါ့ပေါ့ပါးပါးမေးခဲ့တာပါ။” လို့ ဂါလာဒိုက ပြန်ပြောင်းပြောပြခဲ့ပါတယ်။

ဂါလာဒိုရဲ့ ပြောကြားချက်အရ ရော်နယ်ဒိုဟာ ကမ်းလှမ်းမှုကို သဘောကျပြီး စဉ်းစားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ “သူက ဂုဏ်ယူမိကြောင်းပြောပြီး စဉ်းစားဖို့ အချိန်ယူခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ‘လာမယ့်ရာသီအတွက် ပြင်ဆင်မှုတွေကို အာရုံစိုက်ရမယ်’ လို့ သူကျွန်တော့်ကို ပြောခဲ့တယ်” လို့ ရေးဗားပလိတ်ကစားသမားဟောင်းနဲ့ နည်းပြ ဂါလာဒိုက ထပ်လောင်းပြောခဲ့ပါတယ်။

Photo Credit : La Tercera

ရော်နယ်လ်ဒိုဟာ ဒီကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး အရင်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ “အာဂျင်တီးနားက ကလပ်တစ်ခု” ကနေ ကလပ်ကမ္ဘာ့ဖလားမှာ ပါဝင်ဖို့ ဖိတ်ကြားခံခဲ့ရကြောင်း အမည်မဖော်ဘဲ အရိပ်အမြွက် ပြောကြားခဲ့ဖူးပါတယ်။ ဂါလာဒိုက အဲ့ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး “ဒါက ပုဂ္ဂိုလ်ရေးအရ လျှို့ဝှက်ထားမယ့် ပေါ့ပေါ့ပါးပါး စကားပြောဆိုမှုသက်သက်ပါပဲ။ သူကိုယ်တိုင် ထုတ်မပြောခဲ့ရင် ဘယ်သူမှ သိမှာမဟုတ်ပါဘူး။ သူ လူသိရှင်ကြား ပြောဖို့ ရွေးချယ်ခဲ့တာကြောင့်သာ အခုလို ပေါ်ပေါက်လာတာပါ။” လို့ ပြောပါတယ်။

ဂါလာဒိုနဲ့ စီရော်နယ်ဒိုတို့ တွေ့ဆုံဖူးတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အာရပ်လိဂ် အကောင်းဆုံးကစားသမားအသင်းကို ဂါလာဒို နည်းပြခဲ့တဲ့ ချစ်ကြည်ရေး ပွဲစဉ်တစ်ခုမှာ စီရော်နယ်ဒိုဟာ ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ဖူးပါတယ်။ “ဆော်ဒီအာရေးဗီးယားမှာ ကစားခဲ့တဲ့ အဲ့ဒီချစ်ကြည်ရေးပွဲမှာ သူ့ကို နည်းပြဖို့ အခွင့်အရေးရခဲ့တယ်။ ထိပ်တန်း ပရော်ဖက်ရှင်နယ်တစ်ယောက်အပြင် သူဟာ အရမ်းကောင်းတဲ့လူတစ်ယောက်လည်း ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း ကျွန်တော်တို့ ဆက်သွယ်မှု ကောင်းကောင်းရှိခဲ့ပါတယ်။” လို့ ဂါလာဒိုက ပြောကြားခဲ့ပါတယ်။

Exit mobile version