ဘာစီလိုနာအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ရီဗာဒိုကတော့ ဘာစီလိုနာအသင်းအနေနဲ့ နေမာကို အရင်က ပေးချေခဲ့တဲ့ ယူရို (၂၂၂) သန်းထက် ပို နည်းပြီး ခေါ်ယူခွင့် ရရှိမယ် ဆိုရင် တိုက်စစ်မှူး မက်ဆီ ပျော်ဖို့ နေမာကို ပြန်ခေါ်သင့်တယ်လို့ အခိုင်အမာ ပြောကြားသွားပါတယ်။ ဘာစီလိုနာအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ မက်ဆီနဲ့ တွဲကစားဖို့ တိုက်စစ်မှူး အသစ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး လက်ရှိမှာ နေမာက ပီအက်စ်ဂျီအသင်းကနေ ဘာစီလိုနာအသင်းကို ပြန်လာချင်တာကြောင့် နေမာကို ပြန်ခေါ်ယူသွားနိုင်ချေ ရှိနေပါတယ်။

Photo Credit: Goal

နေမာအနေနဲ့ ဘာစီလိုနာအသင်းမှာ (၂၀၁၃) ခုနှစ်ကနေ (၂၀၁၇) ခုနှစ်အထိ၊ (၄) နှစ်ခန့်ကြာ ကစားခဲ့ပြီးတဲ့နောက် လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ် သြဂုတ်လက ပီအက်စ်ဂျီအသင်းကို ယူရို (၂၂၂) သန်းနဲ့ ပြောင်းရွေ့ခဲ့ပြီး ကမ္ဘာ့ ဈေးအကြီးဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းမှာ (၁၉၉၇) ခုနှစ်ကနေ (၂၀၀၂) ခုနှစ်အထိ ကစားသွားခဲ့တဲ့ ရီဗာဒိုကတော့ ဘာစီလိုနာအသင်းအနေနဲ့ နေမာကို ပြန်ခေါ်လို့ ရမယ်ဆိုရင် ခေါ်သင့်ပြီး ဘာစီလိုနာအသင်းကို နေမာ ပြန်ရောက်လာရင် မက်ဆီ ပျော်ရွင်လိမ့်မယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

ရီဗာဒိုက “ကျွန်တော် နေမာကို ယုံကြည်တယ် ဆိုတာကို အရင်ကတည်းက ပြောလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းကနေ ထွက်သွားတာက နေမာအတွက် အမှား တစ်ခု ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းက နေမာကို ပေးချေခဲ့တဲ့ ယူရို (၂၂၂) သန်းထက် ပို နည်းပြီး နေမာကို ပြန်ခေါ်ယူလို့ ရမယ် ဆိုရင် ဘာစီလိုနာအသင်းအနေနဲ့ နေမာကို ခေါ်ယူသင့်ပါတယ်။ သူက (၂၈) နှစ်အရွယ်ပဲ ရှိသေးတော့ ဘောလုံး ကစားချိန် အများကြီး ရှိပါသေးတယ်။ သူက ဘာစီလိုနာ အသင်းအတွက် ကြီးမားတဲ့ ခေါ်ယူမှု ဖြစ်မှာပါ။ ဘာလို့လဲဆိုရင် သူက အသင်းအကြောင်း နဲ့ ပြိုင်ပွဲမှာ ဘယ်လို အပြောင်းအလဲ ပြုလုပ်ရမလဲ ဆိုတာကို သိနေလို့ပါပဲ။ သူက မက်ဆီနဲ့အတူ တွဲကစားချင်နေပြီး မက်ဆီလည်း အသင်းမှာ ပြန်ပျော်လာပါလိမ့်မယ်”လို့ ပြောသွားခဲ့ပါတယ်။