ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်တဲ့ ရီဗယ်ဒိုကတော့ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အဲဗာတန်ကနေ ထွက်ခွာကာ ပရီးမီးယားလိဂ် အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ဖို့ တာစူနေတဲ့ ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရစ်ချာလီဆန်အနေနဲ့ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ ဘရာဇီးလ်လူမျိုး အားကစားဒါရိုက်တာ ဖြစ်သူ အီဒူး ရှိနေတဲ့ အာဆင်နယ်ဆီသာ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရစ်ချာလီဆန်ဟာ ဝက်ဖို့ဒ်ကနေ အဲဗာတန်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမားတွေထဲမှာ ပါဝင်ကြောင်းကို သက်သေပြထားနိုင်သလို သူ့ရဲ့ အတိုးအလှုပ် ၊ တိုးအား ၊ ရုန်းအားနဲ့ ဂိုးသွင်းနိုင်စွမ်းတွေကြောင့် အဲဗာတန် ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail

ရစ်ချာလီဆန်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း အဲဗာတန်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျန်ရစ်အောင် အဓိက ကူညီပေးနိုင်ခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၃၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ကာ အသင်းရဲ့ ခြေစွမ်းပိုင်း ကျဆင်းခဲ့ပေမယ့် သူ့ရဲ့ ခြေစွမ်းတွေ မကျဆင်းကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ စပါး ၊ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပြီး သုံးသင်းစလုံးက ရစ်ချာလီဆန်ရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်မှုတွေလည်း ပြုလုပ်ထားကြပါတယ်။

လက်ရှိမှာတော့ ရစ်ချာလီဆန်က ဘယ်အသင်းဆီ ပြောင်းရွှေ့မလဲ ဆိုတာကို မဆုံးဖြတ်ရသေးပေမယ့် ရစ်ချာလီဆန်ဟာ စပါးနဲ့ အာဆင်နယ်ထက် ပိုကောင်းတဲ့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့သင့်ကြောင်း အကြံပေးသူတွေ ရှိနေပြီး ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူးကြီး ရီဗယ်ဒိုကတော့ ရစ်ချာလီဆန်အနေနဲ့ နိုင်ငံတူ ၊ လူမျိုးတူ အားကစားဒါရိုက်တာ ဖြစ်သူ အီဒူး ရှိနေတဲ့ အာဆင်နယ်ဆီသာ ပြောင်းရွှေ့ ကစားသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

Photo Credit: Daily Mail

ရီဗယ်ဒိုက – “ဒီနွေရာသီက ရစ်ချာလီဆန် အတွက် ကြီးကျယ်တဲ့ နွေအပြောင်းအရွှေ့ တခု ဖြစ်ဖို့ သေချာနေသလို သူနဲ့ တနိုင်ငံထဲသား အီဒူးအတွက်လည်း အတူတူပါပဲ။ အာဆင်နယ်ရဲ့ အားကစားဒါရိုက်တာ ရာထူးကို ယူထားတဲ့ အီဒူးက ဒီနွေရာသီမှာ သူ့အသင်း အတွက် အရေးပါတဲ့ ကစားသမား ခေါ်ယူမှုတွေကို လုပ်ဆောင်ပေးဖို့ တာဝန်ရှိသူပါ။ ရစ်ချာလီဆန်ကတော့ အဲဗာတန်ကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေသလို သူ့ကို ခေါ်ယူဖို့လည်း အသင်းကြီး တချို့က စိတ်ဝင်စားနေပါတယ်။ ကျွန်တော်ကတော့ ရစ်ချာလီဆန်ဟာ အာဆင်နယ်ဆီ ပြောင်းသင့်တယ်လို့ပဲ မြင်ပါတယ်။ အာဆင်နယ်မှာ အားကစားဒါရိုက်တာ အဖြစ် အီဒူးက လုပ်ကိုင်နေသလို အီဒူးက ဘရာဇီးလ် လက်ရွေးစင်အသင်းရဲ့ နည်းပြအဖွဲ့ဝင် အဖြစ် လုပ်ကိုင်ဖူးတာကြောင့် ရစ်ချာလီဆန်ရဲ့ အရည်အသွေးကို ကောင်းကောင်းကြီး သိတဲ့လူပါ” လို့ ရစ်ချာလီဆန်ကို အကြံပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။