MySport Myanmar

ပီအက်စ်ဂျီကနေ မန်ယူဆီ ပြောင်းရွှေ့ဖို့ နေမာအား အကြံပေးလိုက်တဲ့ ရီဗယ်ဒို

ဘရာဇီးလ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ ရီဗယ်ဒိုက ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ သတင်းကြီးနေတဲ့ ဘရာဇီးလ် ကြယ်ပွင့် နေမာဟာ လာမယ့် နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ ကစားသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် အသင်းခေါင်းဆောင် တိုက်စစ်မှူး နေမာက ၂၀၁၇ခုနှစ်မှာ ဘာစီလိုနာ ကနေ ပီအက်စ်ဂျီထံ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တကြိမ် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: The Sun

နေမာက ၂၀၁၇ခုနှစ် ကနေ ၂၀၂၁ခုနှစ် အထိ ၄နှစ်တာ ကာလအတွင်းမှာ ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် ၂၀၂၁ခုနှစ် နောက်ပိုင်းမှာ ဒဏ်ရာပြဿနာတွေကြောင့် မကြာခဏ အနားယူခဲ့ရသလို ကွင်းပြင်ပမှာလည်း အမ်ဘာပေရဲ့ လုပ်ပိုင်ခွင့် ပိုများလာတာကြောင့် နေမာရဲ့ ပုံရိပ်ဟာ ပီအက်စ်ဂျီမှာ မှေးမှိန်လာခဲ့ပါတယ်။

ပီအက်စ်ဂျီရဲ့ အားကစားဒါရိုက်တာ ဖြစ်သူ ကန်ပို့စ်က ဒဏ်ရာပြဿနာ များပြားနေသလို အသက်အရွယ်လည်း ရလာတဲ့ နေမာကို လာမယ့် နွေဈေးကွက် အတွင်းမှာ ရောင်းချဖို့ ဆုံးဖြတ်ထားသလို နေမာကလည်း သူ့ကို အလေးမထားတော့တဲ့ ပီအက်စ်ဂျီ ကနေ ထွက်ခွာဖို့ စဉ်းစားနေပါတယ်။

Photo Credit: The Sun

လက်ရှိမှာတော့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မန်ချက်စတာ ယူနိုက်တက်က နေမာကို ခေါ်ယူဖို့ လှုပ်ရှားမှုတွေတောင် စတင် ပြုလုပ်နေပါပြီ။

ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူး ဖြစ်သူ ရီဗယ်ဒိုကလည်း သူဟာ နေမာကို မန်ချက်စတာ ယူနိုက်တက်လို အစဉ်အလာ ကြီးမားတဲ့ အသင်းမျိုးမှာ မြင်ချင်ကြောင်း ဆိုလာပါတယ်။ ရီဗယ်ဒိုက – “ကျွန်တော်ကတော့ နေမာကို တခြားအသင်းတွေမှာထက် မန်ချက်စတာ ယူနိုက်တက်မှာပဲ မြင်ချင်ပါတယ်။ ဒီတလောမှာ ယူနိုက်တက်က နေမာကို နွေဈေးကွက်ထဲမှာ ခေါ်ယူဖို့ ကြိုးစားနေတယ် ဆိုတဲ့ သတင်းတွေ တက်နေပါတယ်။ ကျွန်တော်က နေမာကို ဘာစီလိုနာ ကနေ ပီအက်စ်ဂျီဆီ မပြောင်းစေချင်ခဲ့ပေမယ့် ပီအက်စ်ဂျီကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းမယ့် ကိစ္စကိုတော့ သဘောတူပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version