ဘရာဇီးလ် လက်ရွေးစင်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ ရီဗယ်ဒိုကတော့ ယခု နွေဈေးကွက် အတွင်းမှာ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့မယ်လို့ သတင်းကြီးနေတဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီကို ဘာမှစဉ်းစားမနေပဲ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အကြံပေး တိုက်တွန်းသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ အေဂျက်ရဲ့ အဓိက တိုက်စစ်ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သူ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေဂျက်အတွက် ပြိုင်ပွဲစုံ ၃၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၂ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က အန်တိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အန်တိုနီရဲ့ အေးဂျင့်နဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

ဒါပေမယ့် အေဂျက်ကတော့ သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်ကစားသမား တဦး ဖြစ်သူ အန်တိုနီကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် မရရင် ရောင်းချဖို့ စိတ်ကူးမရှိပဲ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ အန်တိုနီကို လိုချင်ရင် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် အထိ သုံးစွဲရနိုင်ချေ ရှိပါတယ်။

Photo Credit: The Sun

ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူးကြီး တဦး ဖြစ်သူ ရီဗယ်ဒိုကတော့ အန်တိုနီကို လာမယ့်ရာသီမှာ အေဂျက်ထက် မန်ချက်စတာ ယူနိုက်တက်ဆီမှာသာ မြင်တွေ့ချင်နေပြီး အန်တိုနီက မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရာဇီးလ်တို့မှာ သေချာပေါက် တောက်ပလိမ့်မယ်လို့လည်း ဟောကိန်းထုတ်သွားခဲ့ပါတယ်။

ရီဗယ်ဒိုက – “အန်တိုနီက မန်ချက်စတာ ယူနိုက်တက်နဲ့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အံ့ဩဖို့ ကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ပါလိမ့်မယ်။ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့တာက သူ့ကို လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အတွက် အရွေးခံရအောင် ကူညီနိုင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။