ဝေးလ်တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ကတော့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဒဏ်ရာပြသာနာတွေနဲ့ ရုန်းကန်နေရသလို သူ့ကိုလည်း နည်းပြဇီဒန်းက လူစာရင်းကနေ မကြာခဏ ချန်လှပ်ထားခဲ့တာကြောင့် အပြောင်းအရွှေ့စျေးကွက်တစ်ခုဖွင့်တိုင်း ဘေးလ်အနေနဲဲ့ ရီးရဲလ်ကို စွန့်ခွာသွားတော့မယ်ဆိုတဲ့သတင်းက မကြာခဏ ထွက်ပေါ်နေတတ်တာဖြစ်ပါတယ်။ အခုလည်း နွေစျေးကွက်နား ရောက်လာချိန်ဖြစ်လို့ ဘေးလ်ရဲ့ အနာဂတ်တွေက ပြန်လည်လှုပ်ခတ်လာခဲ့ပြန်ပြီး ဒီတစ်ခေါက်မှာတော့ သန်းကြွယ်သူဌေးကြီး ဆော်ဒီမင်းသားရဲ့ အသင်းသစ်ဖြစ်လာတော့မယ့် နယူးကာဆဲလ်ယူနိုက်တက်အသင်းနဲ့ပါ သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။

Photo Credit : The Sun

အသက်(၃၀)အရွှယ်ရှိပြီဖြစ်တဲ့ ဝေးလ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘေးလ်ဟာ ၂၀၁၃ခုနှစ်ကမှ စပါးအသင်းကနေ ရီးရဲလ်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ (၇)နှစ်ကြာအောင် ပါဝင်ကစားပေခဲ့ပေမယ့် အခုချိန်ထိ အသင်းရဲ့ မရှိမဖြစ် ကစားသမားတစ်ယောက် မဖြစ်လာတဲ့အပြင် မကြာခဏ ဒဏ်ရာတွေရနေတတ်လို့ ခြေစွမ်းပိုင်း မတည်မငြိမ်ဖြစ်ကာ နည်းပြဇီဒန်းနဲ့လည်း ဆက်ဆံရေးတွေ တင်းမာလာခဲ့ရပါတယ်။ ဒီလို အခြေအနေတွေရှိနေတဲ့ ဘေးလ်ကို ရင်းနှီးမြှပ်နှံမှုတွေ များစွာလုပ်ဆောင်လာတော့မယ့် နယူးကာဆဲလ်အသင်းက မက်လောက်စရာ ကမ်းလှမ်းမှုတစ်ရပ်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit :  Ghanasoccernet

တကယ်လို့ နယူးကာဆဲလ်အသင်းဘက်ကနေသာ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခဲ့ရင် ဘေးလ်အနေနဲ့ ဒီကမ်းလှမ်းမှုတွေ လက်ခံသင့်တယ်လို့ ဘရာဇီးကစားသမားဟောင်းကြီး ရီဗယ်ဒိုက အကြံပြုပြောဆိုသွားခဲ့ပါတယ်။ ရီဗယ်ဒိုက “နယူးကာဆဲလ်အသင်းအနေနဲ့ ပိုင်ရှင်အသစ် လက်အောက်မှာ ကစားသမားကောင်းတွေကို ခေါ်ယူသွားသင့်ပြီး ဘေးလ်ကိုလည်း အရခေါ်ယူသင့်ပါတယ်။ ဘေးလ်အနေနဲ့ကလည်း ဒီအသင်းမှာ သူရဲ့ ကစားသမားဘဝကို အမြင့်မားဖြစ်လာအောင် ပြန်လည်တည်ဆောက်နိုင်မှာဖြစ်ပြီးတော့ ဝင်ငွေလည်း များများရနိုင်ပါတယ်။ ပြီးတော့ သူက နယူးကာဆဲလ်ရဲ့ ဂန္တဝင်ကစားသမားတစ်ယောက်တောင် ဖြစ်လာနိုင်ပါတယ်။ ဒီအသင်းကို အသင်းကြီးတစ်သင်းဖြစ်အောင် သူပံ့ပိုးပေးနိုင်လိမ့်မယ်။ ကျွန်တော်ကတော့ ဘေးလ် နယူးကာဆဲလ် ကမ်းလှမ်းမှုကို လက်ခံသင့်တယ်လို့ ထင်ပါတယ်” သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ဘေးလ်ဟာ ဒီရက်ပိုင်းမှာ မေဂျာလိဂ်ကလပ်အသင်းတွေနဲ့ ကောလဟာလသတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း လက်ရှိမှာတော့ ဘေးလ်အနေနဲ့ ဥရောပမှာပဲ ဆက်လက်ရှိနေသင့်တယ်လို့လည်း ရီဗယ်ဒိုက အကြံပြုသွားခဲ့ပါတယ်။